ရွှေဖီမြေ၊ မတ်လ ၁ ရက်
ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ရှမ်းလူထုတွေရဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ လူမှုဘဝလုံခြုံရေးကို ကာကွယ်ပေးတဲ့ အဖွဲ့အစည်း ဖြစ်ပေမဲ့ ရှမ်းလူထုတွေကို ထိရောက်တဲ့ ကာကွယ်ပေးမှု ပေးနိုင်ခြင်း မရှိဘူးလို့ ဒီနေ့ မတ်လ ၁ ရက်မှာ ကျရောက်တဲ့ ရှမ်းလူငယ်နေ့မှာ ထုတ်ပြန်လာပါတယ်။
ဒီနေ့အထိ ရှမ်းလူထုတွေ မတရား ဖိနှိပ်ခံနေရတာကို မြင်နေပေမဲ့ ဘယ်ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းမှ ထိရောက်တဲ့ ကာကွယ်စောင့်ရှောက်မှု လုပ်နိုင်တာ မတွေ့ရဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ရှမ်းလူထုရဲ့ လူနေမှုလုံခြုံရေးအပါအဝင် အကျိုးစီးပွား ထိခိုက်နစ်နာမှုတွေကို တာဝန်ယူဆောင်ရွက်ပေးဖို့ ရှမ်းလူငယ်နေ့မှာ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် စစ်တပ် အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် ရှမ်းလူထုတွေဟာ စစ်ဘေးဒဏ်နဲ့ လူမှုစီးပွား အခက်အခဲ ရင်ဆိုင်နေရပြီး လက်နက်ကိုင်တပ်တွေရဲ့ ရိုက်နှက်ဖမ်းဆီးတာ၊ မြေယာ သိမ်းခံရတာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ပဲခူးတိုင်း သပြေတန်းရွာမှာ ပြုလုပ်တဲ့ တတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းညီလာခံမှာ ရှမ်းနိုင်ငံရေးလှုပ်ရှားသူ ဒေါက်တာ ဘဉာဏ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ၎င်းရဲ့မွေးနေ့ဖြစ်တဲ့ မတ်လ ၁ ရက်ကို ရှမ်းလူငယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS တို့ ၂ ဖွဲ့က ရှမ်းလူမျိုးတွေကို ကိုယ်စားပြုတဲ့ လက်နက်ကိုင်တပ် ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။