ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၇ ရက်
တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ဌာနတစ်ခုဖြစ်တဲ့ မြေယာနဲ့ သစ်တောထိန်းသိမ်းရေးဌာနက သစ်တောကြိုးဝိုင်း ဧကပေါင်း ၂ သိန်းခွဲ သတ်မှတ်လိုက်တယ်လို့ ထုတ်ပြန်လာပါတယ်။
ကြိုးဝိုင်းကို ၄ ပိုင်းခွဲကာ သယံဇာတ ထိန်းသိမ်းနိုင်ရေးအတွက် ရေဝေရေလည် တောကြိုးဝိုင်း (၂၉,၆၀၈)ဧက၊ ဒေသန္တရဖွံ့ဖြိုးရေးကြိုးဝိုင်း (၂၂,၉၅၀)ဧက၊ သဘာဝ ဇီဝမျိုးစိတ် ထိန်းသိမ်းရေးကြိုးဝိုင်း (၄၂,၃၄၁)ဧကနဲ့ စီးပွားဖြစ် သစ်တောကြိုးဝိုင်း (၁၇၁,၀၄၆)ဧကဆိုပြီး သတ်မှတ်ခဲ့ပါတယ်။
အဲဒီကြိုးဝိုင်းရဲ့ သတိပေး ဆိုင်းဘုတ်တွေကို ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါ၊ ကွတ်ခိုင်၊ နမ့်ခမ်း စတဲ့မြို့နယ်တွေမှာ တပ်ဆင်ထားပြီး ကြိုးဝိုင်းဧရိယာတွေထဲ သစ်ခုတ်ခြင်း၊ တောမီးရှို့ခြင်း၊ တရားမဝင် သစ်ခိုးထုတ်ခြင်းနဲ့ တရားမဝင် ရွှေတူးဖော်ခြင်းတို့ မပြုလုပ်ဖို့ ဒေသခံတွေကို လစဉ် အသိပညာပေးခြင်းနဲ့ တွေ့ဆုံဆွေးနွေးခြင်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ သတ်မှတ်ထားတဲ့ ကြိုးဝိုင်းဧရိယာအတွင်း စည်းကမ်း ချိုးဖောက်ရင် သက်ဆိုင်ရာ ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကြိုးဝိုင်းတွေကို သတ်မှတ်ကန့်သတ်ခြင်းက သဘာဝ သယံဇာတ ပျက်စီးဆုံးရှုံးမှုကို တားဆီးကာကွယ်ဖို့ ဖြစ်တဲ့အပြင် ဒေသခံတွေရဲ့ ရေရှည်အသက်မွေးဝမ်းကျောင်း အခွင့်အရေး၊ သဘာဝဘေးအန္တရာယ် ကင်းရှင်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခွင့် ရှိစေဖို့နဲ့ အနာဂတ် မျိုးဆက်တွေအတွက် သဘာဝအရင်းအမြစ်ကို ထိန်းသိမ်းထားနိုင်ရေး ဖြစ်တယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။