ယာရူစိင်၊ ဖေဖော်ဝါရီ ၁၃ ရက်၊ ဒီပဲယင်း
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က ဘုတ္ထန်းရွာဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး နေအိမ် အလုံး ၃၀ နီးပါး ပျက်စီးတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက် ည ၉ နာရီ ၂၀ မိနစ်မှာ စစ်ကောင်ဟီတပ်က ဘုတ္ထန်းကျေးရွာအတွင်းကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ရွာအတွင်းထဲ ဗုံးကြဲတာကြောင့် နေအိမ်အပျက်အစီး များသွားတယ်။ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာပါဗျ။ တချို့နေအိမ်တွေက မီးလောင်မှုဖြစ်ပြီး ပျက်စီးတာတွေလည်း ရှိတာပေါ့ဗျ” လို့ ဒီဖြစ်စဉ်ကို သိရှိထားသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တာဖြစ်ပြီး နေအိမ် ၂၉ လုံးလည်း ပျက်စီးခဲ့ပါတယ်။ အဲဒီ ၂၉ အိမ်ထဲမှာ ၃ အိမ်ကတော့ မီးလောင်ပြာကျသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက နယ်မြေတွေကို မြေပြင်ထိုးစစ်တွေ ဆက်တိုက်လုပ်ဆောင်နေသလို လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်တာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေလည်း ဆက်တိုက်ဆိုသလို ရှိနေပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးနဲ့ မကွေးတိုင်းက ဒုတိယအများဆုံး ဖြစ်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI ရဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ထုတ် ထုတ်ပြန်ချက်အတွင်း ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။