ဒီဇင်ဘာ ၂၁၊ ရွှေဖီမြေ
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ရက်နေ့က ရှမ်းတောင် လွိုင်လင်၊ဟိုပုံး၊ပင်လောင်းနဲ့ဆီဆိုင်မြို့နယ်တွေထဲက ဘိန်းစိုက်ခင်း ၂၆၈ဧကကို ဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီတပ်ဘက်က ထုတ်ပြန်ပါတယ်။
အဲဖျက်ဆီးခဲ့တဲ့ ဘိန်းစိုက်ခင်းတွေဟာ လွိုင်လင်မြို့နယ်ထဲက နေရာ ၃ခု၊ ပင်လောင်းမြို့နယ်ထဲက နေရာ ၂ခု၊ ဆီဆိုင်မြို့နယ်ထဲက နေရာ ၂ခုနဲ့ ဟိုပုံးမြို့နယ်ထဲက နေရာ ၁ခုတို့မှာ စစ်ကောင်စီတပ်ရဲ့ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေက သွားရောက်ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရှမ်းတောင်မှာ ဘိန်းစိုက်ပျိုးမှုတစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာနေပြီး ပင်လုံမြို့အနီးမှာတင် ဘိန်းစိုက်ခင်း ဧကပေါင်း သိန်းနဲ့ချီစိုက်ပျိုးနေကြောင်း အဲစိုက်ခင်းတွေကို အခြားလက်နက်ကိုင်တွေအပါအဝင် စစ်ကောင်စီတပ်ကပါ လုံခြုံရေးယူထားနေကြောင်း ရွှေဖီမြေက စုံစမ်းရေးသားဖော်ထုတ်ခဲ့ပါတယ်။
၂ဝ၂၃ခုနှစ်ကနေစတင်ပြီး အဖဂန်နစ္စတန်ကို ကျော်ဖြတ်ပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံး ဖြစ်လာခဲ့တဲ့ မြန်မာနိုင်ငံဟာ လက်ရှိ ၂ဝ၂၅ခုနှစ်မှာလည်း ၈၈ရာခိုင်နှုန်းနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC)က ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။