ရွှေဖီမြေ၊ ဒီဇင်ဘာ ၁၈ ရက်၊ လက်ပံတန်း
ပဲခူးတိုင်း လက်ပံတန်းမြို့နယ်မှာ အင်အား ၃၀ နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၉ ဦးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF) ဒီနေ့ ဒီဇင်ဘာ ၁၈ မှာထုတ်ပြန်လာပါတယ်။
ဆင်တလင်းကျေးရွာမှာ ဒုရဲအုပ် ရဲလွင် ဦးဆောင်ပြီး အထိုင်ချထားတဲ့စစ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက် မနက် ၆ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့က သေဆုံးမှုအပြင် ၇ ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အလားတူ တော်လှန်ရေးဘက်ကလည်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
၎င်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက် (၁၂)လက်နဲ့ ခဲယမ်းအပြင် စစ်အသုံးအဆောင်ပစ္စည်းတချို့လည်း သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)ကွပ်ကဲမှုနဲ့ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF)၊ သာယာဝတီခရိုင်တပ်ရင်း -၂(၃၈၀၂) ၏
တပ်ခွဲ – ၂ ၊တပ်ခွဲ -၃ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ်(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁၊၂)၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ – ၃နဲ့ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF)ရဲ့ တပ်ရင်း – ၃ တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။