မိုင်းရူပ၊ ဇန်နဝါရီ ၁၅ ရက်
တရုတ်အကူအညီနဲ့ စစ်ကောင်စီပြန်ရခဲ့တဲ့ မိုးကုတ်-မိုးမိတ်မြို့နယ်ကြားရှိ ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဆက်ဖြစ်နေပြီး တော်လှန်ရေးတပ်တွေဘက်က ကျေးရွာတချို့ လက်လွှတ်ခဲ့ရတာရှိတယ်လို့ သိရပါတယ်။
မိုးကုတ် – မိုးမိတ်လမ်းပိုင်းရှိ တော်လှန်ရေးတပ်တွေ ရှိတဲ့နေရာတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဇန်နဝါရီ ၁၂ ရက်မှာလည်း ဟွေလိပ်၊ ထုံးဘိုနဲ့ ကုန်မကန်း ရွာကနေ တော်လှန်ရေးတပ်တွေ တပ်ဆုတ်ထားရတယ်လို့ မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ထုံးဘို ဟွယ်လိပ် ကုန်းမကန်ဘက်က ဆုတ်ထားပေးရတယ်ဗျ။ ၁၁ ရက်ကနေ ၁၃ ရက်အထိ တိုက်ပွဲဖြစ်နေတာ။ ကျနော်တို့ ဆုတ်ပေးလိုက်ရတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကျေးရွာတွေဟာ မိုးကုတ်- မိုးမိတ် လမ်းမကြီးမဟုတ်ဘဲ မိုးမိတ်ဘက်ကို ရောက်နိုင်တဲ့ တောလမ်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သူကဆက်ပြောပြပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG လက်အောက်ခံတပ်အပါအဝင် ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က မိုးကုတ်နဲ့ မိုးမိတ်မြို့ထဲကို စတင်ဝင်ရောက်ပြီးနောက် တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။