လွေးထွေး၊ ဒီဇင်ဘာလ ၁၉ ရက်
တော်လှန်ရေးတပ်ဖွဲ့တွေ ၁နှစ်ကျော်ကြာ သိမ်းပိုက်ထိန်းချုပ်ထားခဲ့တဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က အင်အာအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ သတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီဇင်ဘာလ ၁၇ ရက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်ခဲ့လို့ လက်ပံလှရွာကို ရသွားသလို လေကြောင်းနဲ့လက်နက်ကြီး၊ ဒရုန်းကိုပါ တပြိုင်နက်တည်း အဆက်မပြတ် အသုံးပြုခဲ့တာကြောင့် လက်ပံလှနဲ့ ၅ မိုင် ဝန်းကျင်သာရှိတဲ့ စဉ့်ကူးမြို့ထဲကို ဒီဇင်ဘာ ၁၈ ရက်မှာ ရောက်ရှိလာတာ ဖြစ်ပါတယ်။
“အဲနေ့မနက်ကစပြီး စစ်ကြောင်းမရောက်ခင် လက်နက်ကြီးနဲ့ လေယာဉ်က အမြဲတစေဝဲပြီးကြဲတာ။ ဒါကြောင့် ဒီဘက်ကလည်း ဆုတ်လိုက်ရတာ” လို့ တော်လှန်ရေးတပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဝင်လာတာကြောင့် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေကလည်း ဧရာဝတီမြစ်တဖက်ကမ်းကို ထပ်မံထွက်ပြေးနေကြရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြို့ထဲဝင်လာချိန်က အိမ်စောင့်အဖြစ်ကျန်နေသေးတဲ့ ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာရှိနေကြောင်း အထက်ပါအမျိုးသားက ဆိုပေမဲ့ ရွှေဖီမြေကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိသတင်းရေးသားချိန်အထိ စဉ့်ကူးမြို့နယ် လက်ပံလှရွာအနီးနဲ့ စဉ့်ကူးမြို့အနီးမှာ ပစ်ခတ်မှုတွေရှိနေသေးတယ်လို့လည်း ဆိုပါတယ်။
စဉ့်ကူးမြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၇ ရက်မှာ မန္တလေး PDF နဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။