အိုက်ပွီး၊ ဇန်နဝါရီ ၁၀ ရက်၊ ဂန့်ဂေါ
မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ တစ်ရက်အလိုမှာပဲ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ ၅၀ တပ်ရင်းအပါအဝင် နေရာ ၄ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ ဇန်နဝါရီလ ၁၀ ရက်၊ မနက် ၆ နာရီမှာ စစ်ကောင်စီတပ်ရဲ့ ခလရ ၅၀ တပ်ရင်း၊ စည်ပင်ရုံး၊ ဝီလပ် တံတားဂိတ်၊ ဂန့်ဂေါမြို့အဝင်ဂိတ် စတာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးနဲ့ တပြိုင်နက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“PDF တွေ ပစ်တဲ့နေရာတွေအားလုံး ထိတယ်။ ဒီမနက်ဆို စစ်သားတွေ မြို့ထဲမှာ ကားတွေနဲ့ ခြေရှပ်နေကြတယ်။” လို့ ဂန့်ဂေါမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရှော့တိုက်ဒုံးဟာ စစ်ကောင်စီရဲ့ တပ်ရင်း၊ ဂိတ်တွေကို ထိမှန်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ သိရပါတယ်။
“ခလရ ၅၀ တပ်ရင်းမှာ ၂ လုံးကျတယ်။ မြို့အဝင် ဂိတ်မှာ ၂ လုံး၊ တံတားဂိတ်မှာ ၁ လုံး ကျတယ်။ စည်ပင်ရုံးဝန်းမှာလည်း ၁ လုံး ကျတယ်။ အသံကလည်း ကျယ်တယ်။ ထိခိုက်သေဆုံးမှု များနိုင်တယ်။” လို့ ဂန့်ဂေါမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကလည်း ဒီနေ့မနက်ကစပြီး မြို့အနီးအနား ကျေးရွာတွေကို လက်နက်ကြီးကျည်တွေနဲ့ ပြန်လည် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်တာကြောင့် စိုင်ဒူးရွာအနီးမှာ လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဂန့်ဂေါမြို့အနီး ပြည့်ဝရွာ အမတ ၃၇၁ တပ်ရင်းကိုလည်း မနေ့ ဇန်နဝါရီ ၉ ရက်က Mi 17 စစ်ထောက်ပို့ ရဟတ်ယာဥ်တစ်စီးနဲ့ အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။
ယောဒေသ ဂန့်ဂေါအပါအဝင် ထီးလင်း၊ ကျောက်ထု၊ ဆော မြို့တွေကို စစ်ကောင်စီတပ်က တပ်အင်အားတွေဖြည့်တင်းသလို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ရေးလည်း တင်းမာနေတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။