သုတ၊ မတ်လ ၁၂ ရက်၊ မိုးကုတ်
စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်အကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ်ဟာ မိုးကုတ်မြို့အနောက်ပိုင်း ဘော်ပဒါန်းရွာကနေ ကျောက်ဆင်ရွာဘက် ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် ဒီနေ့ မတ်လ ၁၂ ရက် မနက် ၉ နာရီကစပြီး ညနေပိုင်းအထိ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
“မနက် ၉ နာရီကနေစပြီး မိုးကုတ်အနောက်ပိုင်းမှာ တိုက်ပွဲ ပြင်းထန်နေတယ်။ စကစဘက်က ဘော်ပဒါန်းကနေ ကျောက်ဆင်ဘက်ကို ထိုးလာတာ” လို့ မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်အရှေ့ပိုင်းမှာ စစ်ကောင်စီက ဌာနဆိုင်ရာတချို့ကို ပြန်လည်ဖွင့်လှစ်နေပြီး မြို့ပြင်နေရာတွေမှာတော့ စစ်တပ်နဲ့ တော်လှန်ရေးတပ်အကြား တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်မှာ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့မိုးမိတ်မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာ မိုးကုတ်-မိုးမိတ် စစ်ဒေသအတွင်း တိုက်ပွဲပေါင်း ၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်အောင် အဓိက တိုက်ခိုက်သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG က ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။