မိုင်းရူပ၊ ဇန်နဝါရီ ၁၀ ရက်၊ မိုးကုတ်
တရုတ်အကူအညီနဲ့ စစ်ကောင်စီပြန်ရခဲ့တဲ့ မိုးကုတ်-မိုးမိတ်မြို့နယ်ကြားရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၉ ရက် နေ့လည်ပိုင်းကစပြီး မိုးကုတ် – မိုးမိတ်လမ်းပိုင်းရှိ တော်လှန်ရေးတပ်တွေရှိရာ နေရာတွေကို စစ်ကောင်စီတပ်က ထုံးဘိုနဲ့ ကုန်မကန်းရွာကနေ ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အဓိကတော့ မိုးကုတ်နဲ့ မိုးမိတ်မှာ သူတို့အုပ်ချုပ်ရေး လည်ပတ်ဖို့အတွက် ဘေးပတ်ဝန်းကျင်ကို ရှင်းလင်းချင်တဲ့ သဘောပါ။ အခုက တော်လှန်းရေးတပ်တွေ မြို့နဲ့နီးနေတော့ သူတို့အုပ်ချုပ်ရေးတွေ လည်ပတ်လို့ မရဘူးလေ” လို့ ဆိုပါတယ်။
မိုးကုတ်ဒေသခံအမျိူးသမီးတစ်ဦးကလည်း ညနေပိုင်းအထိ လက်နက်ကြီးသံအပြင် ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။
“၄ နာရီကတည်းက အသံကြားနေရတာ။ လက်နက်ကြီးရော၊ သေနတ်သံရော ကြားနေရတယ်” လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်က မိုးကုတ်နဲ့ မိုးမိတ်မြို့ထဲကို စတင်ဝင်ရောက်ပြီးနောက် တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်မြို့ထဲကို စစ်ကောင်စီတပ်ပြန်ဝင်လာတာ ၁ လကျော်ကြာရှိလာပြီဖြစ်ပေမဲ့ လက်ရှိအချိန်အထိ အုပ်ချုပ်ရေးလုပ်ငန်းတွေ ပြန်မစနိုင်သေးသလို မြို့ခံအများစုလည်း နေရပ်ပြန်မလာနိုင်သေးပါဘူး။
စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။