ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၆ ရက်
ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံက မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်လာပြီး အဲဒီထဲက ရှမ်းပြည်နယ်က မိုင်းတွေကြောင့် ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်တယ်လို့ ကမ္ဘာ့မြေမြှုပ်မိုင်း စောင့်ကြည့်ရေးအဖွဲ့- Landmine and Cluster Munition Monitor ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက် အကြွင်းအကျန်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ ၂,၀၂၉ ဦးအထိ ရှိခဲ့ပြီး အဲဒီပမာဏဟာ တစ်ကမ္ဘာလုံးမှာ အများဆုံး ဖြစ်တယ်လို့ Landmine and Cluster Munition Monitor က ပြောဆိုထားပါတယ်။
အဆိုပါ ထိခိုက်သေဆုံးသူတွေဟာ မိုင်းရှိရာဒေသကို ရွှေ့ပြောင်းသွားလာတာနဲ့ ခရီးသွားတာ၊ သစ်တောထွက်ပစ္စည်းတွေကို ရှာဖွေတာ (ငါးဖမ်းတာ၊ အမဲလိုက်တာ)၊ မိုင်းရှိတဲ့ဒေသမှာ လယ်ယာ လုပ်ကိုင်တာ၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းကို ကိုင်တွယ်တာ၊ မွေးမြူရေး တိရိစ္ဆာန်ကို ထိန်းကျောင်းတာ သို့မဟုတ် ရှာဖွေတာ၊ လက်နက်ကိုင်ပဋိပက္ခကနေ ထွက်ပြေးတာ၊ ပဋိပက္ခပြီးနောက် ပြန်လာတာ၊ ဆိုင်ကယ်နဲ့ ခရီးသွားတာအပြင် အတင်းအကြပ် အလုပ်ခိုင်းစေခံရတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရသူရဲ့ ၈၂ ရာခိုင်နှုန်းဟာ လူသတ်မိုင်း (Antipersonnel mines)ကြောင့်ဖြစ်ပြီး မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူတွေရဲ့ ၈၆ ရာခိုင်နှုန်းဟာ အရပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၀၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ မှတ်တမ်းတွေအရ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်နဲ့ မိုင်းကြောင့် ထိခိုက်နစ်နာသူ အများစုဟာ အရွယ်ရောက်ပြီးသား အမျိုးသားဖြစ်ပြီး ၂၀၂၂ ခုနှစ်ကစပြီး သေဆုံးသူ အများစုမှာ ကလေးသူငယ် ပါဝင်လာတယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ စာရင်းအရ မြန်မာနိုင်ငံရှိ တိုင်းနဲ့ပြည်နယ် ၁၄ ခုက မြို့နယ် ၂၁၁ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ရှိနေပြီး အဲဒီထဲက ရှမ်းပြည်နယ်ဟာ ၁၉.၀၄ ရာခိုင်နှုန်းနဲ့ ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်တယ်လို့ အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ တခြားနိုင်ငံတွေလို ၁၉၉၇ ခုနှစ်က မြေမြှုပ်မိုင်း တားမြစ်ရေးစာချုပ် (Mine Ban Treaty)မှာ လက်မှတ်ရေးထိုးထားတာ မရှိသေးဘူးလို့လည်း သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။