ရဲမာန်၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ဖားကန့်
တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ လင်မယား ၂ ဦးက မိုင်းနင်းမိရာကနေ အမျိုးသားဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
၎င်းတို့နှစ်ဦးဟာ မနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းမှာ မရှီကထောင်ရပ်ကွက် ရွှေမြန်မာ ဆီဆိုင်လမ်းကြား မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။
“ထုံးဖိုဘက်ကို ချိုးတဲ့လမ်းကြားမှာ မိုင်းထိတာ။ ဆိုင်ကယ်နဲ့ သွားတာ။ အမျိုးသားကတော့ ပွဲချင်းပြီး သေတာ။ အမျိုးသမီးတော့ ဒဏ်ရာရသွားတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အလားတူမနေ့မှာပဲ ဆန်းကြွယ်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဆန်းကြွယ်ရွာထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အဝတ်လျှော်နေတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ဆန်းကြွယ်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့အကြား အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေပြီး မရှီကထောင်ရပ်ကွက်က အရပ်သားတွေလည်း စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ မရှီကထောင်ရပ်ကွက်က ခေါက်ဆွဲဆိုင် ၁ ဆိုင်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။