အလင်း၊ ဇန်နဝါရီ ၂၉ ရက်၊ တွန်းဇံ
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှာရှိတဲ့ ချင်းအမျိုးသားတပ်တော် (CNA) နဲ့ ချင်းကာကွယ်ရေးတပ် (တွန်းဇံ) တို့ရဲ့ ပူးပေါင်းတပ်စခန်းကို ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တွန်းဇံမြို့အနီး နတ်ဇန်ကျေးရွာမှာ နေရာယူ အခြေချထားတဲ့ CDF (တွန်းဇံ) နဲ့ CNA ပူးပေါင်းစခန်းကို မနေ့ ဇန်နဝါရီလ ၂၈ ရက် မနက် ၅ နာရီဝန်းကျင်မှာ ZRA တပ်က ဒရုန်းနဲ့ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“နတ်ဇန်ရွာ ကာကင်းစခန်းတစ်ခုကို ဒရုန်းဗုံးသီး နှစ်လုံး ကြဲချသွားတာပါ။ ဗုံးတစ်လုံးက စခန်းအနီးမှာ ပေါက်ကွဲတယ်။ နောက်တစ်လုံးက မပေါက်ကွဲဘူး။ ရဲဘော်တွေကလည်း ထိခိုက်မှုမရှိဘူး။” လို့ CDF (တွန်းဇံ) နဲ့ နီးစပ်တဲ့ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
တွန်းဇံမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ၊ ဒီဇင်ဘာလကတည်းက CNA၊ CDF နဲ့ ZRA တို့ မကြာခဏ စစ်ရေးတင်းမာပြီး အရပ်သားပြည်သူတွေကို ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြဖို့ ZRA က ညွှန်ကြားမှုတွေ ရှိပါတယ်။
အဲဒီလို ညွှန်ကြားပြီး နှစ်လအကြာမှာ CNA ၊ CDF ပူးပေါင်းစခန်းကို ZRA က တိုက်ခိုက်မှုတွေ စတင် လုပ်ဆောင်လာတာဖြစ်ပြီး တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားမှာကို ဒေသခံတွေက မလိုလားကြသလို စိုးရိမ်မှုတွေလည်း ရှိနေကြတယ်လို့ သိရပါတယ်။
“အရင် အောက်တိုဘာလကတည်း ZRA က ဒေသခံပြည်သူတွေ ကြိုတင်တိမ်းရှောင်ဖို့ ပြောတာတွေ ရှိတယ်။ နောက်ပြီးတော့ အသွားလာ ကန့်သတ်တာတွေ ရှိတယ်။ စစ်ရေးသတိရှိဖို့ပါ။ မနေ့က CNA၊ CDF စခန်းတခုကို တိုက်တယ်။ တိုက်ပွဲက မဖြစ်ချင်တော့ဘူး။ တိုက်ပွဲဖြစ်မှာလည်း ပြည်သူတွေက စိုးရိမ်နေကြပါတယ်။” လို့ နောက်ထပ် တွန်းဇံဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
တွန်းဇံမြို့နယ်မှာ ပြီးခဲ့တဲ့ နှစ်ကတည်းက CNA၊ CDF ပူးပေါင်းအဖွဲ့နဲ့ ZRA တပ်ဖွဲ့တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေ စစ်ရေးတင်းမာမှုတွေ ရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလကလည်း CNA၊ CDF ပူးပေါင်းတပ်ဖွဲ့နဲ့ ZRA တပ်ဖွဲ့အကြား တွန်းဇံမြို့နယ်မှာ တိုက်ပွဲတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ ဒေသခံပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရသလို ကျေးရွာ နေအိမ်တချို့လည်း မီးရှို့ဖျက်ဆီးခံရပြီး အပြန်အလှန် စွပ်စွဲကြတာတွေ ရှိခဲ့ပါတယ်။
တွန်းဇံမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မေလမှာ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းပြည်အစိုးရ (CC) ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး လက်ရှိမှာ CDF (တွန်းဇံ) ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လှည့်ပတ်နေပြီ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။