မိုင်းရူပ၊ ဒီဇင်ဘာ ၂၅ ရက်၊ မိုးမိတ်
စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းမြောက် မိုးမိတ်မြို့နယ် ရေတံခွန်နဲ့ ဘော်ဒေရွာကို စစ်ကောင်စီဗုံးကြဲခဲ့ပြီး ဘုန်းကြီးတွေအပါအဝင် ထိခိုက်သေဆုံးမှုများတယ်လို့ သိရပါတယ်။
မနေ့ ဒီဇင်ဘာ ၂၄ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က ရေတံခွန်နဲ့ ဘော်ဒေရွာကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မိုးမိတ်ဒေခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဘော်ဒေဘုန်းကြီးကျောင်းကို လာကြဲတာ။ ဘုန်းကြီးအပါ ၂ ယောက်သေတယ်။ တစ်ယောက်က ခေါင်းပြတ်သွားတယ်” လို့ ဆိုပါတယ်။
ရေတံခွန်ရွာ ဗုံးကြဲတိုက်ခိုက်ခဲ့ရမှုမှာလည်း အရပ်သား ထိခိုက်သေဆုံးမှုများပြီး အရေအတွက်အတိအကျကိုတော့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်မှာလည်း ကချင်တပ်မတော်- KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုးမိတ်မြို့နယ် မြစ်ဆုံရွာကို စစ်ကောင်စီဗုံးကြဲခဲ့ပြီး အရပ်သား ၁၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးမိတ်နဲ့ သပိတ်ကျင်းမြို့နယ်လမ်းပိုင်းကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင်လာနေတာကြောင့် မနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ မိုးမိတ်နဲ့ တွင်းငယ်လမ်းပိုင်းရှိ ရေတံခွန်ကျေးရွာမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
“ဒီနေ့မနက်အထိ လက်နက်ကြီးတွေ ပစ်နေတယ်။ မနေ့ ရေတံခွန်ဘုန်းကြီးကျောင်းကို တော်လှန်ရေးတပ်တွေက ရနေပြီ။ စကစဘက်က အင်အားအလုံးအရင်းနဲ့ထိုးလာတော့ ပြန်ဆုတ်ပေးရတယ်” လို့မြေပြင်အခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တရုတ်အကူအညီနဲ့ မိုးမိတ်မြို့ကို ပြန်ရပြီးနောက် မြို့ပြင်ကနေရာတွေကိုပါ ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။