ဝတ်ရည်၊ မတ်လ ၃ ရက်၊ ပင်လည်ဘူး
စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ လေကြောင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၉ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပင်လည်ဘူးမြို့နယ် လိပ်ပုတ်ကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မတ်လ ၁ ရက် ည ၁၁ နာရီခွဲဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“ထိမှန်ဒဏ်ရာ ရတာက ပိုများတယ်ဗျ။ သေဆုံးစာရင်းကလည်း ဒေသခံတွေပါပဲဗျ။ တချို့ ရုပ်အလောင်းတွေဆို ရစရာတောင် မရှိတော့ဘူး။ ထပ်မံပြီးတော့လည်း လေကြောင်းရန်ကို သတိထားဖို့တော့ လိုပါတယ်ဗျ” ဆိုပြီး ဖြစ်စဉ်ကို သိရှိထားသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ မတ်လ ၁ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ မကွေးတိုင်း မင်းတုန်းမြို့နယ် ပြောင်းရွာအနီးက ကုန်သွယ်ရေးကားတွေ ရပ်နားရာနေရာကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၂၀၀၊ ၃၀၀ ဗုံး ၈ လုံးအပြင် ရော့ကတ်နဲ့ပါ စစ်တပ်က ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၃၃ ဦးအထိ ရှိခဲ့ပါတယ်။
စစ်တပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းအပါအဝင် စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက နယ်မြေတွေကို မြေပြင်ထိုးစစ် ဆက်တိုက် လုပ်ဆောင်နေသလို လေကြောင်း တိုက်ခိုက်မှုလည်း ဆက်လက် လုပ်ဆောင်တာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှု နေ့စဉ် ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။