အလင်း၊ ဖေဖော်ဝါရီ ၁၀ ရက်၊ ထန်တလန်
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ တလန်ခွါကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသား ၆ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ တံတားဦးလေတပ်မှ တက်လာတဲ့ A-5 Bomber Jet တိုက်လေယာဉ်တစ်စီးက ထန်တလန်မြို့နယ်၊ တလန်ခွာရွာတွင်းကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ရွာဘောလုံးကွင်းဘက် ကြဲသွားတာပါ။ ၅ ယောက်က ပွဲချင်းပြီး ဆုံးသွားပါတယ်။ တစ်ယောက်က ဒဏ်ရာနဲ့ နောက်မှ ဆုံးသွားတာပါ။ ဒဏ်ရာရတဲ့သူတွေလည်း များပါတယ်။” လို့ ထန်တလန် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
တလန်ခွာရွာမှာ ဘာစစ်ရေးလှုပ်ရှားမှုမှ မရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေကလည်း တပ်စွဲထားတာ မရှိဘဲ စစ်ကောင်စီက အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်က တလန်ခွာကျေးရွာကို အကြောင်းမဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာ စာသင်ကျောင်း၊ နေအိမ်နဲ့ အဆောက်အဦးတချို့ ဗုံးစထိမှန် ပျက်စီးသွားပါတယ်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့တွေကို စစ်ကောင်စီက တပြိုင်နက် လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး ၁၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ချင်းပြည်နယ်မှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ စစ်တပ်အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ချင်းလူမျိုး ၁ ထောင်ကျော် (၁,၁၈၃) ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။