ရွှေဖီမြေ၊ မတ်လ ၉ ရက်၊ ညောင်လေးပင်
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ရေတွင်းကုန်းကျေးရွာအုပ်စုထဲမှ အရပ်သား ၃၀ ဦးကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်တာနဲ့ သတ်ဖြတ်မှု လုပ်ဆောင်ခဲ့ကြောင်း ဒီနေ့ မတ်လ ၉ ရက်မှာ ကရင်အမျိုးသားအစည်းအရုံး- KNU က ထုတ်ပြန်ပါတယ်။
မတ်လ ၅ ရက်က ရေတွင်းကုန်းကျေးရွာအုပ်စုထဲ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာခံ ၁၆၀ ဦးကို ဖမ်းဆီးသွားပြီးတော့ မတ်လ ၇ ရက်မှာ ၎င်းစစ်ကြောင်းနဲ့ ကရင်တပ်မတော်- KNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဗုံးကြဲလို့ ဖမ်းဆီးထားတဲ့ ဒေသခံ ၂၅ ဦး သေဆုံးခဲ့ပြီး ၅ ဦးကိုတော့ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်ဟာ အာဏာ တည်မြဲဖို့အတွက် အာဏာမသိမ်းခင်ကာလကတည်းက အခုလိုဘဲ မြန်မာတစ်နိုင်ငံလုံးက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ KNU က ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေး ထွက်ပေါက်အနေနဲ့ အတုအယောင် ရွေးကောက်ပွဲ ကျင်းပနေတဲ့ ကာလမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်နေသလို ရွေးကောက်ပွဲအပြီးမှာလည်း ဆက်လက် ကျူးလွန်နေကြောင်း ရေးသားထားပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကြောင့် KNU ထိန်းချုပ်ဒေသမှာ အရပ်သား ထိခိုက်သေဆုံးတာတွေ နေ့စဉ် ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။