လွေးလာဝ်ဇာရ်၊ ဒီဇင်ဘာ ၂၃ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ၃ ဦးသေဆုံးခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၂၃ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ ဝက်လက်မြို့နယ် ငါးပတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၁ စီးနဲ့ ပေါင် ၂၀၀ ဗုံး ၄ လုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ထပ်တိုးနိုင်တယ်လို့ ဆိုပါတယ်။
“မပစ်ခင်မှာ ကင်းထောက်တစ်စီးလာဝဲနေတာ တွေ့ရတယ်။ လက်ရှိလေကြောင်းပစ်တဲ့နေရာက အခုသိရတာက ၃ ဦးသေတယ်။ သေဆုံးသူတွေ နောက်ထပ်တိုးတယ်လို့ သိရပါတယ်။ ကြားမိတာက နောက်ထပ် ၂ ဦး၊ ၃ ဦး ထက်မနည်းလို့ သိရပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၈၀ အရွယ် ဒေါ်သန်းမြ၊ အသက် ၇၅ နှစ်အရွယ် ဒေါ်ကျင်၊ အသက် ၂၅ နှစ်အရွယ် ကိုမင်းသန်းတို့ သေဆုံးခဲ့ရတဲ့အပြင် နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး နွား ၁ ကောင်၊ ကား ၃ စီးလည်း ထိမှနိပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်မှာ ဝက်လက်မြို့နယ် ဆည်တောကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိတယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်မှာလည်း ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးမှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။