ပို့လဘား၊ ဇန်နဝါရီ ၁၆ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရေလည်မော်ရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ ဒေသခံ ၃ ဦး သေဆုံးခဲ့တယ်လို့ Wetlet Informational Network က ထုတ်ပြန်ထားပါတယ်။
အသက် ၄၀ နှစ်အရွယ်ရှိတဲ့ ဦးဝင်းကျော်၊ အသက် ၃၀ နှစ်အရွယ်ရှိတဲ့ မအေးချောနဲ့ အသက် ၄၀ နှစ်အရွယ်ရှိတဲ့ မခင်ယုတို့ သေဆုံးခဲ့တာဖြစ်ပါတယ်။
Wetlet Informational Network က တာဝန်ရှိသူတစ်ဦးက “လက်နက်ကြီးက ဒီနေ့လည်း ထပ်ပစ်တာတွေ ရှိသေးတယ်။ ဒေသခံတွေက ဝက်လက်မြို့ အရှေ့ခြမ်းနဲ့ အရှေ့တောင်ခြမ်း၊ အနောက်တောင်ခြမ်းတွေမှာ စစ်တပ်ရဲ့ စစ်ကြောင်းကြောင့် ဧရာဝတီမြစ်ကမ်းဘက်မှာ ထွက်ပြေးခဲ့ရတယ်။ ရွာပေါင်း ၇ ရွာ၊ ၈ ရွာ ရွာပေါင်း ၁၀ ရွာလောက်ရှိမယ်။ အကုန် ထွက်ပြေးနေရတယ်” လို့ ဆိုပါတယ်။
မနေ့ ဇန်နဝါရီ ၁၅ ရက်မှာ စဉ့်ကူး အနောက်တောင်ခြမ်း ကျွန်းကြီးရွာနဲ့ ကြက်တူရွေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်က ၈၁ မမ လက်နက်ကြီး၊ မတ္တရာမြို့နယ် အနောက်ခြမ်း ဇရပ်ဖြူကျောင်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ဝက်လက်မြို့နယ်ရှိ အရှေ့ခြမ်း ရေလည်မော်ကျေးရွာဘက်ကို လက်နက်ကြီး ၁၅ ချက် ထက်မနည်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အလားတူ ဒီနေ့ ဇန်နဝါရီ ၁၆ ရက် မနက် ၁၁ နာရီကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ညောင်ကန်ရွာရှိ စာသင်ကျောင်းထဲကို စစ်ကောင်စီတပ်က ပေါင် ၂၀၀ ဗုံးသီး ၄ လုံးနဲ့ စက်သေနတ်တစ်ကြိမ် ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၀ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကလည်း စဉ့်ကူးမြို့ အနောက်တောင်ခြမ်းမှာ စစ်ကောင်စီတပ်မှ မြစ်ထဲက ကျောက်ဆူးချရပ်ထားတဲ့ ဒေသခံတွေရဲ့ သံခွန်ပေါ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၃၀ အရွယ် ဒေသခံအမျိုးသား ၁ ဦး သေဆုံးပြီး ဒေသခံ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။