ရဲမာန်၊ ဇန်နဝါရီ ၁၇ ရက်၊ အရာတော်
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က မူကြိုကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၇ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ အရာတော်မြို့နယ် ကံရင်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အရာတော်မြို့နယ် Local အဖွဲ့အစည်းရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုအောင်စည်က ရွှေဖီမြေကို ပြောပါတယ်။
“၁၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ လူလတ်ပိုင်း အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေပါတယ်။ သေဆုံးသွားတဲ့ ကလေးက မူကြိုကျောင်းက ကလေးပါ။ နောက်ပြီး စကစ လွှတ်တင်ထားတဲ့ အသေခံ ဒရုန်းနဲ့လည်း တိုက်ခိုက်ပါသေးတယ်။ စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာပါတယ်။ မူကြိုကျောင်းက မူကြိုချိန်မှာ ကလေးတွေဘဲ ရှိမယ်။ စစ်ရေးပစ်မှတ် မဟုတ်တဲ့နေရာကို တိတိကျကျကြီး လေကြာင်းတိုက်ခိုက်နေတာကို ကျနော်တို့အနေနဲ့ ရှုတ်ချပါတယ်”
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုအပြင် နေအိမ်နဲ့ ကားတွေလည်း ပျက်စီးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က အရာတော်မြို့နယ် သစ်ချိုရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။