လွေးထွေး၊ ဒီဇင်ဘာ ၂၅ ရက်၊ ဘုတလင်
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကင်းစမ်းရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဒီဇင်ဘာ ၂၄ ရက် နေ့လယ် ၃ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီး (ဂျိုင်ရိုကော်ပတာ) စစ်တပ်က ဝေဟင်ကနေ ဂျိုင်ရိုကော်ပတာ စက်တပ်လေထီး ၃ စီးနဲ့ ဗုံးသီးတွေ ကြဲချခဲ့တာဖြစ်ပါတယ်။
၎င်းစက်တပ်လေထီးဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ တက်လာပြီး ကင်းစမ်းရွာအနီးရှိ လမ်းဆုံမှာ ဗုံးကြဲချသွားတာကြောင့် ဈေးသည်လင်မယား ၂ ဦးကို ထိခဲ့တာလို့ ဖြစ်စဉ်သိရသူ အမျိုးသားက ဆိုပါတယ်။
”တိုက်ပွဲလည်းမဖြစ်ဘူး။ တပ်စခန်းလည်းမဟုတ်ဘူး။ အဲလိုဘလိုင်းဘဲလာကြဲတာ။ အဲဒီနောက်လူတွေ ပြန့်ကြဲကုန်တာ” လို့ ပြောပါတယ်။
သေဆုံးဒဏ်ရာရသူ ၂ ဦးဟာ ဘုတလင်မြို့နယ် အုပ်ဖိုရွာက ပြည်သူတွေဖြစ်ပြီး ဒဏ်ရာရသူ အမျိုးသားကလည်း နီးစပ်ရာနေရာမှာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။
လူထိခိုက်သေဆုံး ဒဏ်ရာရတာအပြင် ဈေးဆိုင်တွေလည်းမီးလောင်ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်ကလည်း ဘုတလင်မြို့နယ် မောင်းထောင်ရွာကို ဗုံးကြဲခဲ့လို့ ဒေသခံတွေ ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။