အိုက်ပွီး၊ ဇန်နဝါရီလ ၅ ရက်၊ ဟားခါး
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ Haltu နဲ့ Haiphai ကျေးရွာမှာ မနေ့ ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးတိုက်ခိုက်မှုကြောင့် သားအမိသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဟားခါးမြို့မှာ အခုရက်ပိုင်း စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ရွာသားတွေ အိပ်မော့ကျနေချိန်မှာ ဗုံးကြဲသွားတာပါ။ သားအမိသုံးဦးဆို ပွဲချင်းပြီး ဆုံးသွားတယ်။ အမျိုးသားကလည်း ပြင်းထန်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ အမျိုးသားက ဆေးကုသနေရပါတယ်။”လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီအရပ်သားထိခိုက်သေဆုံးသူတွေဟာ Haltu ရွာသားတွေဖြစ်ပြီး လူနေအိမ်တချို့လည်း လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
Haiphai ရွာ လေကြောင်း တိုက်ခိုက်မှုမှာ အရပ်သားထိခိုက်မှု မရှိပေမဲ့ လူနေအိမ်ပျက်စီးမှုရှိပြီး ဆက်သွယ်ရေး ခက်ခဲမှုကြောင့် ပျက်စီးမှုအသေးအစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။
“Haiphai ရွာမှာကတော့ လူထိခိုက်မှု မရှိဘူးလို့ ပြောပါတယ်။ နေအိမ်ပျက်စီးမှုတွေက ရှိတယ်။ ဒီမနက်အဆက်သွယ်ရတုန်းက နေအိမ်ပျက်စီးမှု အခြေအနေ အသေးအစိတ် မသိရသေးဘူး ပြောပါတယ်။”လို့ အထက်ပါ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဟားခါးမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က တိုက်ပွဲတွေရှိပေမဲ့ လက်တလောမှာ တိုက်ပွဲတွေ ငြိမ်နေတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။