ပို့လဘား၊ ဇန်နဝါရီ ၂၁ ရက်၊ မကွေး
မကွေးတိုင်း ဆောမြို့နယ် လယ်ကြီးအိုင့်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ယောအလင်းတန်းက ကိုအောင်ကြီးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇန်နဝါရီ ၂၀ ရက် ညနေ ၄ နာရီမှာ စစ်ကောင်စီတပ်က ဆောမြို့နယ် လယ်ကြီးအိုင့်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ယောအလင်းတန်းက ကိုအောင်ကြီးက “တိုက်ပွဲဖြစ်တာတွေလည်း မရှိပါဘူး။ ညနေက လာကြဲတော့ တစ်ယောက်သေဆုံးပြီး ၄ ယောက်ဒဏ်ရာရတာ။ အဲဒီသေဆုံးတဲ့တယောက်က ပွဲချင်းပြီး သေတာတော့ မဟုတ်ဘူး။ ထိခိုက်ပြီး နာရီ၀က်လောက်အကြာမှ သေသွားတာ” လို့ ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆၂ နှစ်အရွယ်ရှိတဲ့ ဦးဖေခင်က သေဆုံးခဲ့တာဖြစ်ပြီး အသက် ၄၃နှစ်အရွယ်ရှိတဲ့ ဦးဖိုးကောင်း၊ အသက် ၄၇ နှစ်ရှိတဲ့ ဦးဝင်းတင့်၊ အသက် ၅၇ ရှိတဲ့ ဦးအောင်မြိုင်နဲ့ အသက် ၆၇ နှစ်ရှိတဲ့ ဦးအောင်နု တို့ဟာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်ကလည်း ဆောမြို့နယ် ယောမြို့ကျေးရွာအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်မှာလည်း ဂန့်ဂေါမြို့နယ် မြင်းဇာကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၂ ပါးထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။