လွေးလာဝ်ဇာရ်၊ မတ်လ ၁၇ ရက်၊ နမ့်ဖတ်ကာ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာထဲက ရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ ဒေသခံအမျိုးသား ၃ ဦးကို ကိုးကန့်တပ်- MNDAA က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁ ဦးကို အပြင်းအထန် ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မတ်လ ၁၆ ရက် မနက် ၉ နာရီခွဲမှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး စစ်ဆေးရိုက်နှက်ပြီးနောက် ည ၁ဝ နာရီမှာ နေအိမ်ဘက် ပြန်လာပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက “မနေ့ ဦးလေးက ထင်းခွဲဖို့ခေါ်တာ။ အစ်ကိုက သွားခွဲပေးတာ။ ဦးလေးအိမ်ကလည်း လမ်းမကြီးဘေးမှာဘဲ။ ခွဲတာ မကြာသေးဘူး ကိုးကန့်တွေက သူ့ကို ဖမ်းခေါ်သွားတယ်။ ဖမ်းပြီး စစ်မေးတာပေါ့။ အုပ်ကြီးတို့အိမ် သိလား။ စစ်သား လုပ်တဲ့အိမ်က ဘယ်အိမ်လဲဆိုပြီး မေးနေတာ။ မသိဘူးပြောတော့ အသေရိုက်တာ။ ရိုက်နှက်ထားတာ မနည်းဘူး။ အိမ်ဘေးက တရုတ်အဖိုးကို လာမေးတော့ သူက စစ်သား မဟုတ်ဘူးလို့ပြောမှ ပြန်လာပို့ပေးတာ။ လမ်းတောင် မလျှောက်နိုင်ဘူး။ ပုံထဲကြည့်ရင် ဘာမှမဖြစ်သလိုနဲ့ အပြင်မှာ ဖောယောင်နေတာဘဲ” လို့ ပြောပါတယ်။
ရိုက်နှက်နှိပ်စက်ခံရတဲ့ အမျိုးသားဟာ နမ့်ဖတ်ကာထဲက ရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ အသက် ၄၂ နှစ်အရွယ် တအာင်းတိုင်းရင်းသားဖြစ်ပြီး နောက်ထပ် အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်းသွားတယ်လို့ သိရပါတယ်။
တစ်ဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန်တဲ့ ဒေသခံ ၂ ဦးကိုတော့ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်မှာလည်း နမ့်ဖတ်ကာရွာက တအာင်းလူမျိုးရဲ့ နေအိမ်တွေကို MNDAA က ဝင်ရောက်စစ်ဆေးပြီး ဒေသခံ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒီနေ့အထိ ပြန်မလွှတ်လာသေးဘူးလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။