ပို့လဘား၊ ဖေဖော်ဝါရီ ၅ ရက်၊ ဆော
မကွေးတိုင်း ဆောမြို့နယ် မိအယ်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မိအယ်ကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် ညနေ ၄ နာရီခွဲကျော်မှာ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ သူတို့ ၂ ခါ လာချသွားတယ်။ ကျောင်းသူ နှစ်ဦးလည်း ထိတယ်။ အကုန်လုံး မိန်းကလေးတွေပဲ ထိတာ။ နေအိမ် ၄ လုံးလောက် မီးလောင်ပျက်စီးတာ ရှိမယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်ဝန်းကျင်နဲ့ အသက် ၁၃ နှစ်အရွယ်ရှိတဲ့ ကလေးတို့အပါအဝင် အသက် ၄၀ နဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၈၀ အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး နောက်ထပ် အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့က ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်ကလည်း ဆောမြို့နယ် လယ်ကြီးအိုင့်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။