ရွှေဖီမြေ၊ ဇန်နဝါရီ ၂၉ ရက်
စစ်ကောင်စီက တရုတ်ကို လွှဲပြောင်းပေးခဲ့တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင် မြီးရှောက်ချန်းရဲ့ သားဖြစ်သူနဲ့ မြေးဖြစ်သူအပါအဝင် ကျားဖြန်လုပ်ငန်းမှာ ပါဝင်ပတ်သက်သူ ၁၁ ဦးကို သေဒဏ်ပေးလိုက်ကြောင်း တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနမှာ ထုတ်ပြန်ထားပါတယ်။
မြီးရှောက်ချန်းရဲ့ သားဖြစ်သူ မြီကော်ဖျင်နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်းတို့အပါအဝင် ကျားဖြန်ငွေလိမ်ဂိုဏ်းမှာ ပါဝင်ပတ်သက်သူ ၁၁ ဦးကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလထဲမှာ သေဒဏ်ချမှတ်ခဲ့ပြီး ၄ လနီးပါးအကြာမှာ သေဒဏ်စီရင်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဂျဲကျန့်ပြည်နယ်၊ ဝမ်ဂျိုပြည်သူ့တရားရုံးကနေ သေဒဏ်ပေးခဲ့တာဖြစ်ပြီး ၎င်းတို့ ၁၁ ဦးကို ဘယ်နေ့မှာ သေဒဏ်စီရင်ခဲ့လဲဆိုတာကိုတော့ တရုတ်နိုင်ငံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မရှိပါဘူး။
မြီရှောက်ချန်းရဲ့ မိသားစုဝင်တွေကို တရုတ်နိုင်ငံက လိမ်လည်မှု၊ ရည်ရွယ်ချက်ရှိရှိ လူထိခိုက်စေမှုနဲ့ မူးယစ်မှောင်ခိုကူးမှုတွေအပါအဝင် တရားစွဲဆိုပြီး သေဒဏ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
မြီရှောက်ချန်းရဲ့ သားဖြစ်သူနဲ့ မြေးဖြစ်သူကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်တပ်- MNDAA က လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်စဥ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး တရုတ်ထံ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
မြီရှောက်ချန်းကတော့ စစ်ကောင်စီတပ်က လောက်ကိုင်မြို့ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှာ ၎င်းကို ဝင်ရောက်ဖမ်းဆီးခဲ့စဥ် ကိုယ်ကိုကိုယ်အဆုံးစီရင်ပြီး သေဆုံးသွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။