ရဲမာန်၊ မတ်လ ၂ ရက်၊ မင်းတုန်း
မကွေးတိုင်း မင်းတုန်းမြို့နယ်ထဲက ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သား သေဆုံးသူ ၃၃ ဦးအထိ ရှိလာပြီလို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မတ်လ ၁ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ပြောင်းရွာအနီးက ကုန်သွယ်ရေးကားတွေ ရပ်နားရာနေရာကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၂၀၀၊ ၃၀၀ ဗုံး ၈ လုံးအပြင် ရော့ကတ်နဲ့ပါ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“သေဆုံးသူထဲမှာ ရခိုင်အမျိုးသမီး ၂ ဦးနဲ့ ပြည်မက ဗမာ ၂ ဦး ပါတယ်။ ကျန်တာ ရခိုင်အမျိုးသားတွေချည်းဘဲ။ အလောင်းတွေက အခုချိန်ထိ ဘယ်သူဘယ်ဝါ အတည်ပြုလို့ မရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်စစီ ကြေပျက်သွားတာရှိသလို အားလုံး မီးဖုတ်သွားပြီးသားလည်း ရှိတယ်။ အရေအတွက်ကိုဘဲ စုစည်းနေရတာ။ စုစည်းလို့ကို အခုထိ မပြီးသေးဘူး။ တချို့က မှတ်ပုံတင် ကျန်တယ်။ ဒါပေမဲ့ မှတ်ပုံတင်ထဲ ရုပ်ရည်နဲ့ အလောင်း ရှာမရဘူး”
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သားတွေဟာ တောင်ကုတ်၊ လမူး၊ မအီ၊ တပ်တောင်၊ ရမ်းဗြဲ၊ အမ်း စတဲ့မြို့နယ်က အရပ်သားဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“အရှေ့အလယ်ပိုင်းဒေသတွေမှာဆိုရင် နိုင်ငံတော်တော်များများ စစ်ပွဲထဲ ဝင်ပါပြီး ကမ္ဘာစစ် ဖြစ်နေတယ်လို့ ပြောလို့ရတဲ့ အနေအထားပါ။ အဲဒီနိုင်ငံတွေမှာတော့ သူ့နိုင်ငံပြည်သူတွေကို သူတို့အစိုးရအနေနဲ့ အသက်အန္တရာယ် မရှိရအောင် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ စစ်ကောင်စီတပ်ကတော့ ကိုယ့်နိုင်ငံမှာရှိတဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ရှာဖွေပြီး သတ်ဖြတ်နေတာမျိုးကတော့ တော်တော်ကို အောက်တန်းကျပြီးမှ လူလို့ ပြောဖို့ဆိုဖို့ခက်တဲ့အထိကို ရောက်သွားပြီ။ လက်ရှိ မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ကောင်တွေက လူစိတ်ရှိတဲ့ကောင် မရှိတော့ဘူးလို့ ပြောရမှာ။ တိရိစ္ဆာန်တွေမှာတောင် လုံး၀ ရိုင်းစိုင်းတဲ့ တိရစ္ဆာန်အဆင့်ကို ရောက်သွားပြီလို့ ပြောရမှာ” လို့ ၎င်းက ဆက်ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃၃ ဦး သေဆုံးခဲ့တဲ့အပြင် ၁၅ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးတော့ သေဆုံးသူလည်း ထပ်တိုးလာနိုင်တယ်လို့ ၎င်းက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။