ရွှေဖီမြေ၊ ဇန်နဝါရီ ၂၀ ရက်၊ ဒီပဲယင်း
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ပျံကျကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မနေ့ ဇန်နဝါရီ ၁၉ ရက် ည ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တစ်စီးက ပျံကျရွာကို ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို အဆောက်အဦးတချို့လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မနေ့ ဇန်နဝါရီ ၁၉ ရက် နေ့လယ် ၁၁ နာရီခွဲကျော်မှာလည်း ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ဘက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိသလို အဆောက်အဦးတချို့လည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်ကလည်း ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းဆောင်တချို့ ပျက်စီးခဲ့ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။