လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၅ ရက်၊ မြိုင်
မကွေးတိုင်း မြိုင်မြို့နယ် မြောက်ဆည်ရွာမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း(မြိုင်)က ထုတ်ပြန်ထားပါတယ်။
မနေ့ ဖေဖော်ဝါရီ ၄ ရက် ညနေ ၆ နာရီဝန်းကျင်မှာ မြောက်ဆည်ရွာ စာသင်ကျောင်းအနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးနှစ်လုံးကြဲချပြီး လက်နက်တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း (မြိုင်) ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“လူတစ်ယောက်ထိခိုက်တာ ဟုတ်တယ်ဗျ။ နွားသေတာက ၃ ကောင်သေပြီး တစ်ကောင်ထိခိုက်တာဗျ။ အဲမှာ နွားလေးကောင်ဖြစ်လိမ့်မယ်။ လူကတော့ အဲတစ်ယောက်ထဲ ဟုတ်တယ်ဗျ”
အလားတူ မနေ့ည ၁၀ နာရီဝန်းကျင်မှာလည်း နဂါးဗွက်ရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးတွေ ကျောင်းဆင်းချိန်ဖြစ်တာကြောင့် လူထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။
မြိုင်မြို့နယ် တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကတည်းက မြေပြင်ကနေ စစ်ကြောင်းထိုးနေပြီး မြေပြင်စစ်ကြောင်းမထိုးနိုင်တဲ့ မြိုင်မြောက်ပိုင်း၊ အနောက်ပိုင်းနဲ့ အလယ်ပိုင်းတွေကိုတော့ လေကြောင်းကနေ အဓိကအားထားပြီး တိုက်ခိုက်နေတယ်လို့ အထက်ပါ ဝာာဝန်ရှိသူက ပြောပါတယ်။
အလားတူ မနေ့ ဖေဖော်ဝါရီ ၄ ရက် ည ၁၀ နာရီဝန်းကျင်မှာပဲ ဒီပဲယင်းမြို့နယ် အရှေ့ဘက်ပိုင်း ညောင်လှကျေးရွာထဲကို စစ်ကောင်စီတပ်က ပါရာမော်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။