ယာရူစိင်၊ ဖေဖော်ဝါရီ ၁၃ ရက်၊ ရခိုင်
အာရက္ခတပ်တော် – AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နဲ့ ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် ဒေသခံ ၇ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
၇၉ ကြိမ်မြောက် ပြည်ထောင်စုနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၂ ရက် ည ၉ နာရီ ၁၅ မိနစ်မှာ ကျောက်တော်မြို့ ပိုက်သည်ရပ် ရပ်ကွက်ကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြောက်ဦးမြို့ အလယ်စျေးရပ်ကွက်ကိုလည်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် မိသားစုဝင် ၃ ဦးတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ကျောက်တော်နဲ့ မြောက်ဦးမြို့ကို တပြိုင်တည်း ဗုံးကြဲခဲ့တာပါဗျ။ မြောက်ဦးသေတာက မိသားစု ၁ စုပေါ့။ ဒေသခံတွေကို ပစ်မှတ်ထားတဲ့ ဗုံးကြဲတိုက်ခိုက်မှုပါ” ဆိုပြီး ၎င်းက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့မှာ ဒေသခံ ၄ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့တာနဲ့ မြောက်ဦးမြို့မှာ မိသားစုအလိုက် ၃ ဦး သေဆုံးတာအပြင် ၇ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၂၅ ဒီဇင်ဘာ ၁၀ ရက် ည ၉ နာရီ ၁၃ မိနစ်တုန်းကလည်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ အရပ်သားတွေ ဆေးကုသတဲ့ မြောက်ဦးမြို့က ဆေးရုံကြီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံကြီးက တာဝန်ကျတဲ့ ဆရာမတချို့အပါအဝင် ဒေသခံ ၃၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူလည်း ၈၀ နီးပါးအထိ ရှိခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။