ဆုမွန်၊ ဖေဖော်ဝါရီ ၂၁ ရက်၊ မုံးစီး
ကိုးကန့်တပ်မတော်-MNDAA ပစ်သတ်ခဲ့တဲ့ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ ပြိန်းခမ်းကျေးရွာက ဒေသခံ ၆ ဦးကို တရုတ်ယွမ် ၂ သိန်း(ငွေကျပ် သိန်း ၁ ထောင်ကျော်) နဲ့ ကျေအေးပေးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
အဆိုပါ သေဆုံးသွားခဲ့တဲ့ မုံးစီးဒေသ ပြိန်းခမ်းကျေးရွာက ဒေသခံ ၆ ဦးအတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ MNDAA က တစ်ဦးကို ယွမ် ၃ သောင်းကျော်( ငွေကျပ် သိန်း ၂၀၀ နီးပါး)နဲ့ ကျေးအေးပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ လက ကိုးကန့်လူကြီးတွေ ၅ ယောက် ၆ ယောက်လာပြီး ယွမ် ၂ သိန်းနဲ့ လာပေးသွားတယ်။ မိသားစုဝင်တွေက MNDAA လာပေးသွားတဲ့ လျော်ကြေးကိုတော့ ဘာမှပြောစရာမရှိပါဘူး။ ဘာမှမတတ်နိုင်ဘူးလေ။ သေသွားတဲ့သူတွေကလည်း သေသွားပြီပေါ့။ ကံကြောင့်ဆိုပြီး ကျေကျေနပ်နပ်နဲ့ လက်ခံလိုက်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေအတွက်တော့ သူတို့က ဆေးကုသစရိတ်ပဲပေးတယ်။ လျော်ကြေးတော့မပေးဘူး”
ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေရဲ့ ဆေးကုသစရိတ်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၇ ရက်မှာ MNDAA က တာဝန်ယူ ဖြေရှင်းပေးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၅ ရက်က ပြိန်းခမ်းကျေးရွာအနီးမှာရှိတဲ့ ရွှေလုပ်ကွက်ကို MNDAAက ရွှေတူးနေစဉ် KIAနဲ့ ဒေသခံတွေက ဆက်မတူးဖို့ တားဆီးရာကနေ ပစ်ခတ်မှုဖြစ်လို့ KIA တပ်သား ၂ ဦး အပါအဝင် ဒေသခံ ၆ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။