ရဲမာန်၊ ဇန်နဝါရီ ၅ ရက်၊ မြောင်
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ အခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးဟာ မြောင်မြို့နယ်မှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၅ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ မြောင်မြို့နယ် နဘက်စံပြရွာအလယ်ကို ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူကာကွယ်ရေးတပ်(T.G.R)မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“သေသွားတဲ့ အရပ်သားနှစ်ယောက်က မောင်နှမ တစ်ဝမ်းကွဲတွေပါ။ အိမ် ၃ လုံး ပျက်စီးသွားတယ်။ ဗုံးသီးက ပေါင် ၁၀၀ ဗုံးသီးတွေပါ။ ၁ လုံးက မကွဲဘူး အခု ရှင်းလင်းရေး လုပ်နေပါတယ်”
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူနှစ်ဦးဟာ အသက် ၆၀ ကျော်အရွယ်ရှိတဲ့ ကိုအေးကိုနဲ့ အသက် ၃၅ နှစ်ရွယ်ရှိတဲ့ မဒေဝီကျော်တို့ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀ ၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် မနက် ၇ နာရီ ၄၅ မိနစ်မှာလည်း စစ်ကောင်စီတပ်က မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးတစ်လုံး၊ ရော့ကဒ် ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။