ရဲမာန်၊ ဖေဖော်ဝါရီ ၅ ရက်၊ ဝိုင်းမော်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“မနေ့က ညနေပိုင်းလောက်မှာ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် လာကြဲသွားတာ။ အမျိုးသား တစ်ယောက် သေတယ်။ ကားလေးက ၁၄ စီးနဲ့ ကားကြီး ၁ စီး မီးလောင်ပျက်စီးသွားခဲ့တယ်”
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေညီကို ကားဝပ်ရှော့ဆိုင် မီးလောင်ပျက်စီးသွားပြီး မောင်ဇင်ကိုဦး ဆိုသူလည်း သေဆုံးခဲ့ရတဲ့အပြင် ဒဏ်ရာရတွေလည်း ရှိပြီး သူတို့တွေကိုတော့ လိုင်ဇာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လမှာလည်း စစ်ကောင်စီတပ်က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လုမြန်အနီးက မြတ်ကျဝတ်ရွာ ဘုရားကျောင်းကို လေကြောင်းနဲ့ ဗုံးကြဲသွားခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။