မိုင်းရူပ၊ ဇန်နဝါရီ ၁၈ ရက်
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ခဲ့တဲ့ မိုးကုတ် – သပိတ်ကျင်း လမ်းပိုင်းတစ်ခုလုံးကို တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးလိုက်ရပြီး လမ်းပိုင်းတစ်ခုလုံးကိုစစ်ကောင်စီတပ်ဘက်က ပြန်ထိန်းချုပ်လိုက်ပြီလို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
“တော်လှန်ရေးတပ်တွေ ဆုတ်ပေးလိုက်ရပြီ။ မန္တလေး- မတ္တရာ- စဥ့်ကူး- သပိတ်ကျင်း- မိုးကုတ် လမ်းပိုင်းတစ်ခုလုံး စကစပြန်ရသွားတာ” လို့ မိုးကုတ်မြို့နယ်ရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က သပိတ်ကျင်းမြို့နယ် ဖော့တော့လမ်းဆုံကနေလာတဲ့ စစ်ကြောင်းနဲ့ မိုးကုတ်ဘက်ကနေ ဆင်းလာတဲ့ စစ်ကြောင်း ပြန်ဆုံနိုင်ခဲ့ပြီး မိုးကုတ် – သပိတ်ကျင်းလမ်းကို အပြည့်အဝ ပြန်ထိန်းချပ်နိုင်ခဲ့ပြီလို့ ဇန်နဝါရီ ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် မိုးကုတ် – သပိတ်ကျင်း – စဥ့်ကူး – မတ္တရာ – မန္တလေးလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းအထိ မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေဟာ မိုးကုတ်-မတ္တရာလမ်းပိုင်းကို ထိန်းချုပ်နိုင်ခဲ့ပြီး မန္တလေးမြို့ကို စစ်ရေးအရပါ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ဒါ့ပေမယ့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုတွေကြောင့် နယ်မြေတွေ ဆက်တိုက်လက်လွှတ်ခဲ့ရပြီး ဒီလ ဇန်နဝါရီလထဲမှာ မိုးကုတ်- မန္တလေး လမ်းပိုင်းတစ်ခုလုံး စစ်ကောင်စီလက်အောက် ပြန်ရောက်သွားတာလည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။