မိုင်းရူပ၊ ဇန်နဝါရီ ၇ ရက်
အရေးပါတဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးအားလုံးနီးပါးကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားချိန် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံတို့အကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်မှာ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးချစ်ဆွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာမာကျားတို့ တွေ့ဆုံခဲ့ပြီး နယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တရုတ်-မြန်မာ နယ်စပ်ဂိတ်အများစုကို ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင် ကချင်တပ်မတော် KIA ထံ လက်လွှတ်ထားရပြီး ရှမ်းမြောက် တရုတ်နယ်စပ်ဂိတ်တွေ ရပ်တန့်နေတာလည်း ၂ နှစ်ကျော် ရှိပြီဖြစ်ပါတယ်။။
လက်ရှိမှာ ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်မှာတော့ နေ့စဉ်ကုန်သွယ်မှု ယာဉ် ၂၀၀ ကျော်နဲ့ တရုတ်နိုင်ငံဘက်ကို ကြံနဲ့ ပြောင်းဖူးတွေကို တင်ပို့နေတယ်လို့ ကိုးကန့်တပ်ဘက်က ထုတ်ပြန်ထားပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ (၁၀၅) မိုင်ရှိ ကျင်စန်းကျော့ နယ်စပ်ဂိတ်မှာတော့ တရုတ်နယ်စပ်ကနေ ထွက်လာတဲ့ ကုန်တင်ကားတွေကို စစ်ကောင်စီက ဆက်တိုက် ဖမ်းဆီးနေတာကြောင့် ကုန်သွယ်မှုတွေ မရှိသလောက် နည်းပါးနေတယ်လို့ နယ်စပ်ကုန်သည်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“နယ်စပ်ဂိတ်တွေကတော့ ဖွင့်တယ်။ အောက်ဘက်ဆင်းတဲ့ ကားတွေကို စကစဘက်ကလည်း ဆက်တိုက် ဖမ်းနေတာဆိုတော့ ကုန်သည်နဲ့ ကားသမားတွေလည်း မရင်းတော့ဘူးပေါ့။ ရှမ်းမြောက်ထဲ သွားတဲ့ ကုန်စည်လောက်ပဲ ရှိမယ်” လို့ ဆိုပါတယ်။
ကုန်သည်တချို့ကတော့ စစ်ကောင်စီထံ အခွန်ဆောင်ပြီး မိုင်းလားတပ် NDAA ထိန်းချုပ်ထားတဲ့ မိုင်းလားနယ်စပ်ဂိတ်ကနေ ကုန်စည်တင်သွင်းမှုတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။