ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ ဟိုပုံး
ရှမ်းတောင် ဟိုပုံးမြို့ရဲ့ စစ်ဆေးရေးဂိတ်မှာ ၁၃ မျဉ်းစောင်းမှတ်ပုံတင်ကိုင်တဲ့ ခရီးသွားအမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးထားကြောင်း ဖြစ်စဉ်ကို မြင်ခဲ့ရသူ ဟိုပုံးဒေသခံ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၅ နာရီ ဝန်းကျင်မှာ ဟိုပုံးရှိ စစ်ကောင်စီတပ်ရဲ့ ကွန်ပျူတာနဲ့ နည်းပညာကျောင်းရှေ့ရှိ စစ်ဆေးရေးဂိတ်မှာ ခရီးသည် ၆ ဦး ပါဝင်တဲ့ ကားတစ်စီးထဲမှ ၁၃/လရန (လားရှိုး) မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ ၃ ဦးသာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
”ကျနော် အဲနေ့က ဆိုင်ကယ်စီးလာရင်း တွေ့လို့ပါ။ လူရော၊ ပစ္စည်းရော အကြာကြီးဘဲ စစ်နေတာ ” လို့ ဟိုပုံးမြို့ခံ အမျိုးသားက ပြောပါတယ်။
စစ်ဆေးပြီးမှ စစ်ကားနဲ့ ရဲစခန်းဘက်ကို ပို့ဆောင်လိုက်တာကို မြင်တွေ့ခဲ့ရကြောင်း သူက ဆိုပါတယ်။
ဖမ်းဆီးခံရသူ အမျိုးသား ၂ ဦးဟာ အသက် ၃၀ ဝန်းကျင်ဖြစ်ပြီး အမျိုးမီးကတော့ ၂၀ ဝန်းကျင်သာ ရှိတယ်လို့ ပြောပါတယ်။
အဲဒီ ဖမ်းဆီးခံရသူတွေ ပြန်လွှတ်တာရှိမရှိ သိရဖို့ ဒေသခံတွေကို ဆက်သွယ်ခဲ့ပေမဲ့ လက်ရှိသတင်းရေးသားတဲ့ အချိန်အထိ မသိရှိရသေးပါဘူး။
အဲဒီဂိတ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁ ရက်ကလည်း ကားဟွန်းတီးလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ကားသမားအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဝိုင်းရိုက်ခဲ့လို့ ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။