ယာရူစိင်၊ ဇန်နဝါရီ ၁၅ ရက်၊ သီပေါ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ အပြန်အလှန် ပိတ်ဆို့ထားတဲ့ သီပေါတံတား ပြန်မဖွင့်ပေးတာကြောင့် ဒေသခံတွေအနေနဲ့ အခက်တွေ့နေရတယ်လို့ သီပေါမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“လူကတော့ မတင်းကြပ်တော့ဘူး။ သွားလာရတာ အရင်ကထက် ပိုပြီးအဆင်ပြေတယ်။ အခုချိန်ထိ အဓိကတော့ ကားတွေပဲ ဖြတ်မရသေးတာ။ ကားဆရာတွေအတွက်တော့ ပိုပြီးအခက်တွေ့နေရတာ”
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့က သီပေါတံတားကို အပြန်အလှန်ပိတ်ဆို့ထားပြီး လူအသွားအလာကအစ တင်းကြပ်ထားခဲ့တာပဲ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂ ရက်မှာတော့ ကိုးကန့်တပ်က ဂိတ်ကနေ ဆုတ်ပေးခဲ့ပြီးနောက် စစ်ကောင်စီတပ်က လူအသွားအလာ ခွင့်ပြုပေးထားပေမဲ့ ယာဉ်ဖြတ်သန်းခွင့်ကိုတော့ မနေ့ ဇန်နဝါရီ ၁၄ ရက်အထိ ခွင့်မပြုသေးဘူးလို့ ဆိုပါတယ်။
“အခုက ကမ်းကူးနေရတာက ပြဿနာပါ။ ကမ်းကူးခက များလို့လေ။ လမ်းမကြီးဖြစ်နေတော့ ကမ်းကူးခလည်း စစ်တပ်က အများကြီးရတယ်လေ။ ကားအသွားအလာဆိုလည်း မနည်းဘူး လေ” လို့ နောက်ထပ် သီပေါမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
သီပေါတံတားပိတ်ထားဆဲ ဖြစ်နေတာကြောင့် သီပေါမြို့ဟောင်းမှာ ကားအမျိုးအစားပေါ် မူတည်ပြီး စစ်ကောင်စီတပ်က ကမ်းကူးခကို ၂ သိန်းကနေ ၅ သိန်းအထိ ကောက်ခံနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
ကားအမျိုးအစားပေါ် မူတည်ပြီး စက်ကူးခကို သိန်းချီပေးနေရသလို ဆိုင်ကယ် ၁ စီးကိုလည်း ၂ သောင်းကျပ် ပေးဆောင်နေတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် သီပေါတံတား ပိတ်ထားတာကြောင့် တချို့ယာဉ်မောင်းတွေက တာလုံရွာ ချောင်းကိုလည်း အသုံးပြုကြရပြီး ဆိုင်ကယ်၊ ကားတွေကိုတော့ အမျိုးအစားပေါ် မူတည်ပြီး ရှမ်းတပ် SSPP က ငွေကြေးကောက်ခံကာ ကမ်းကူးပေးတာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။