မြတ်နိုး၊ ဇန်နဝါရီ ၁၅ ရက်
စစ်ကောင်စီတပ်က တရုတ်နယ်စပ်ဘက်က ဝင်လာတဲ့ ကုန်ပစ္စည်းတွေကို ကုန်စည်စီးဆင်းရာ လမ်းကြောင်းတလျှောက် ဆက်တိုက်ဖမ်းဆီး စစ်ဆေးနေလို့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာ ကားအပိုပစ္စည်းတွေ ရှာရခက်လာကာ ဈေးမြင့်တက်နေကြောင်း ကုန်သည် ကားသမားတွေဆီက သိရပါတယ်။
“စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နောင်ချိုတို့ မန္တလေးတို့လို့ အောက်ဘက်ပိုင်းမှာ ကားပစ္စည်းတွေ ရှာရ အတော်ခက်လာပြီ။ ဈေးက နှစ်ဆလောက် တက်လာတယ်လို့ ပြောလို့ ရတယ်။ လားရှိုးနဲ့ မန္တလေးတောင် ဈေး တအားကွာတယ်” လို့ ကားသမားတစ်ဦးက ပြောပါတယ်။
အရင်က တရုတ်နယ်စပ်က ဝင်လာတဲ့ ပစ္စည်းတွေ တရားဝင် အခွန်ဆောင်ပြီး ဝင်လာတာ ဖြစ်ပေမယ့် လက်ရှိ နယ်စပ်လမ်းကြောင်း အများစုကို တိုင်းရင်းသားလက်နက်ကိုင်တွေက ထိန်းချုပ်လိုက်တာကြောင့် နယ်စပ်ကုန်သွယ်ရေးကို လိုင်စင်ချမပေးတော့ပဲ တရုတ်နယ်စပ်က ဝင်လာတဲ့ ကုန်စည်တွေကိုလည်း တရားမဝင်ကုန်စည် တိုက်ဖျက်ရေး အကြောင်းပြပြီး ဖမ်းဆီးနေတာကြောင့် သယ်ဆောင်ဖို့ ခက်ခဲသွားတာလို့ သူက ပြောပါတယ်။
“ပစ္စည်းတွေ မပြတ်သေးဘူး ဆိုပေမယ့် ပြတ်စပြုနေပြီ။ လိုချင်တဲ့ ပစ္စည်း သယ်လာမရတော့ ရှိတဲ့ပစ္စည်း တင်ရောင်းနေကြတာ။ တရုတ်ပစ္စည်းတွေကို အဓိက ဖမ်းနေတော့ အောက်ပိုင်းမှာ ကားပစ္စည်းရှာရတာ တော်တော်ခက်လာတယ်” လို့ နောက်ထပ် ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ဝင်လာတဲ့ ပစ္စည်းတွေက မှောင်ခိုပုံစံဖြစ်သွားတာကြောင့် သယ်ရတာ ခက်ခဲတဲ့အပြင် အခွန်အခ၊ လမ်းကြေးတွေကလည်း အဆမတန်များတယ်လို့ သူက ပြောပါတယ်။
“အခု လောလောဆယ်တော့ လားရှိုးပတ်ဝန်းကျင်၊ ကွတ်ခိုင်၊ ချင်းရွှေဟော်၊ မူဆယ်၊ ပန်ဆိုင်း အဲဒီမြို့တွေက ပစ္စည်းတွေ ဝယ်သုံးရတာ အသက်သာဆုံးပဲ။” လို့ ကုန်သည်တစ်ဦးကလည်း ပြောပါတယ်။
အောက်ပိုင်းဒေသမှာ ကုန်ပစ္စည်းတွေ ပြတ်လာတာဟာ မြဝတီနယ်စပ်လမ်းကြောင်းပါ ပိတ်လိုက်တာနဲ့ ရှမ်း – တရုတ်နယ်စပ်က ဝင်လာတဲ့ ကုန်တွေကိုလည်း ဖမ်းနေတာတွေကြောင့် သက်ရောက်မှု ပိုများတာလို့ သူက ပြောပါတယ်။
စစ်ကောင်စီကတော့ အခုနှစ် နှစ်ဆန်းပိုင်း ဇန်နဝါရီလ ၂ ရက်နေ့ကစပြီး ရှမ်းပြည်နယ် မြောက်ပိုင်းကနေ မန္တလေးဘက် ဆင်းမယ့် တရုတ်ပစ္စည်းတွေကို ခပ်စိပ်စိပ် ဖမ်းဆီးနေတာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။