မိုင်းရူပ၊ ဇန်နဝါရီ ၁၈ ရက်
စစ်ကောင်စီတပ် ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း (၂) မှာ ရှမ်းမြောက် တန့်ယန်းနဲ့ မိုင်းရယ်မြို့နယ်မှာလည်း ပြည်သူ့လွတ်တော်နေရာအတွက် စစ်တပ်ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ – USDP ကသာ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ စစ်ကောင်စီရဲ့ ရွေးကော်မရှင်က ရွေးကောက်ပွဲအပိုင်း (၂) အတွင်း ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရသူတွေကို ထုတ်ပြန်ရာမှာ မိုင်းရယ်နဲ့ တန့်ယန်းမြို့နယ်မှာ USDP က အနိုင်ရရှိကြောင်း ဖော်ပြထားပါတယ်။
မိုင်းရယ်နဲ့ တန့်ယန်းမြို့နယ်မှာ USDP နဲ့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
မိုင်းရယ်မြို့နယ်မှာ အရင်က ရွေးကောက်ပွဲတွေမှာ ရှမ်းလူမျိုးကိုယ်စားပြု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – SNLD က အနိုင်ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ ရှမ်းတိုင်ရင်းသားပါတီဖြစ်တဲ့ SNDP က ဝင်ပြိုင်ခဲ့ပေမယ့် USDP ကို ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
“ကျားဖြူက မနိုင်ဘူး။ ကြံ့ခိုင်ရေးဘဲ။ ရွေးကောက်ပွဲက မြို့ပေါ်မှာဘဲ လုပ်နိုင်တာလေ။ ရွာဘက်က မလုပ်ရဘူး” လို့ မိုင်းရယ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တန့်ယန်းမြို့နယ်မှာတော့ SNDP နဲ့ USDP အပြင် “ဝ” အမျိုးသားပါတီ WNP လည်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့် အနိုင်မရရှိခဲ့ပါဘူး။
ရွေးကောက်ပွဲအပိုင်း (၂) ကို စစ်ကောင်စီက မြို့နယ် (၁၀၀) မှာ ကျင်းပခဲ့ပြီး မြို့နယ်ပေါင်း ၇၀ ကျော်မှာ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ USDP ကဘဲ အနိုင်ရရှိတာဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲအပိုင်း (၃) ကို လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာ စစ်ကောင်စီက မြို့ပေါင်း ၆၃ မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး ရှမ်းမြောက်မှာတော့ သီပေါနဲ့ ကျောက်မဲမြို့နယ်တွေ ပါဝင်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။