ဓာတ်ပုံ – CJ

ရွှေဖီမြေ၊ ဇန်နဝါရီ ၇ ရက်

စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲကို ပျက်ပြားအောင် လုပ်ဆောင်တယ်ဆိုပြီး ဖမ်းဆီးခံရသူ ၃၅၀ နီးပါး ရှိလာပြီလို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားခဲ့ကြောင်း မနေ့ ဇန်နဝါရီ ၆ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က ရွေးကောက်ပွဲ ဟန့်တားနှောက်ယှက်ခြင်းဥပဒေ ထုတ်ပြန်ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်ကနေ ဇန်နဝါရီ ၅ ရက်အထိ ရွေးကောက်ပွဲကို ပျက်ပြားအောင် လုပ်ဆောင်လို့ဆိုပြီး ဖမ်းဆီးရမိသူ ၃၃၅ ဦး ရှိလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရွေးကောက်ပွဲ ဥပဒေကြောင့် ဖမ်းဆီးခံရတဲ့သူတွေထဲမှာ အမျိုးသား ၂၇၅ ဦးနဲ့ အမျိုးသမီး ၆၀ ဦး ပါဝင်ပါတယ်။

ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီးနောက် လူမှုကွန်ယက်ကနေ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ရေးသားတဲ့သူတွေနဲ့ ရွေးကောက်ပွဲ ကြေညာဆိုင်းဘုတ် ဖျက်ဆီးသူတွေအပါအဝင် စစ်ကောင်စီက ဆက်တိုက် ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုတွေ လုပ်ဆောင်သူတွေကို ဆက်လက် အရေးယူသွားမယ်လို့ ဒု-ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ခြိမ်းခြောက် ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်မှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေကို ထုတ်ပြန်ခဲ့ပြီး အဲဒီ ဥပဒေထဲမှာ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်တွေ ပါဝင်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ပထမအပိုင်း (၁) ကို စတင် ကျင်းပခဲ့ပြီး အပိုင်း (၂) ကိုတော့ လာမယ့် ဇန်နဝါရီလ ၁၁ ရက်မှာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ပြောထားပြီး ဆန့်ကျင် တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း (၃) မှာ ကျောက်မဲမှာလည်း မဲပေးသူ ၅ သောင်းကျော်ရှိတယ် ပြော

ဒီနေ့ ဇန်နဝါရီ ၂၅ ရက်မှာ ရွေးကောက်ပွဲအပိုင်း (၃) အဖြစ် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဦးဆောင်ကျင်းပတဲ့ ကျောက်မဲမြို့မှာ မဲလာပေးသူ (၅၀,၂၉၆) ဦး ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မိုင်းရယ်နဲ့ တန့်ယန်းမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲအပိုင်း (၂) မှာ ပြည်သူ့လွှတ်တော်နေရာအတွက် USDP အနိုင်ရ

စစ်ကောင်စီတပ် ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း (၂) မှာ ရှမ်းမြောက် တန့်ယန်းနဲ့ မိုင်းရယ်မြို့နယ်မှာလည်း ပြည်သူ့လွတ်တော်နေရာအတွက် စစ်တပ်ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ – USDP ကသာ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီပြုလုပ်တဲ့ ရွေးကောက်ပွဲအပိုင်း (၁) မှာ ရှမ်းမြောက်က မြို့နယ် ၃ ခုလုံး ပြည်သူ့လွှတ်တော်နေရာအတွက် USDP အနိုင်ရ

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်တုန်းက စစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း (၁) မှာ ရှမ်းမြောက်က မြို့နယ် ၃ ခုမှာလည်း ကျင်းပခဲ့ပြီး မြို့နယ် ၃ ခုလုံးမှာ စစ်တပ်ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။