မိုင်းရူပ၊ ဖေဖော်ဝါရီ ၃ ရက်၊ မိုင်းရယ်
ရှမ်းမြောက် မိုင်းရယ်မြို့နယ် ဟိုက်ပုကျေးရွာအနီးမှာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ဟိုက်ပုကျေးရွာအနီးရှိ ကျားဖြန်ရုံကို စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ကျားဖြန်လုပ်ကိုင်သူ တရုတ်အမျိုးသား ၃၂၁ ဦးနဲ့ တရုတ်နိုင်ငံသူ ၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျားဖြန်လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ မိုးကာတဲတွေအပါအဝင် စတားလင့်စက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က မိုင်းရယ်မြို့နယ်ထဲရှိ ကျားဖြန်ရုံတွေနဲ့ မူးယစ်ဆေးဝါးရုံတွေကို လိုက်လံစီးနင်းနေတာတွေ ပြုလုပ်နေပြီး ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က ကျားဖြန်လုပ်ကိုင်သူ တချို့ကို နေရပ်ပြောင်းရွှေ့ပေးနေတာ တွေ့ရတယ်လို့ မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“စစ်ကောင်စီလိုက်ဖမ်းတဲ့အချိန်မှာ SSPP ဘက်က လုံခြုံရေးယူပေးပြီး ပြောင်းပေးတယ်လေ။ ဟိုဘက်ရွှေ့လိုက်၊ ဒီဘက်ရွှေ့လိုက် ဘယ်နားရွှေ့လိုက်တာလည်းတော့ မသိဘူး” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး မိုင်းရယ်နဲ့ သီပေါမြို့နယ်ရှိ မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ ကျားဖြန်ရုံတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတာတွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကနေ ၂၂ ရက်အထိ သီပေါနဲ့ မိုင်းရယ်မြို့နယ်မှာ မူးယစ်ဆေးဝါးထုတ်လုပ်နေတဲ့ နေရာ ၁၃ ခုကို ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။