ရွှေဖီမြေ၊ ဇန်နဝါရီ ၈ ရက်
တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရဲ့ အုတ်ဂူကို ခြေထောက်နဲ့ ချနင်းတဲ့ စစ်တပ်လော်ဘီ ကျော်စိုးဦးရဲ့ လုပ်ရပ်ကို တော်လှန်ရေးတပ်တွေနဲ့ ပြည်သူတွေက အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုကြပါတယ်။
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်နိုင်ခဲ့တဲ့ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေမှာ ကျဆုံးသွားတဲ့ PDF ရဲဘော်တွေရဲ့ အုတ်ဂူတွေကို စစ်ကောင်စီလော်ဘီ ကျော်စိုးဦးက ခြေထောက်နဲ့ တက်နင်းပြီး အုတ်ဂူတွေ ဖျက်ဆီးပစ်ရမယ်ဆိုတဲ့ ရုပ်သံတွေဟာ လူမှုကွန်ရက်ပေါ်မှာ ဒီရက်ပိုင်းအတွင်း ပျံ့နှံ့နေတာ ဖြစ်ပါတယ်။
ကျော်စိုးဦးရဲ့ ပြောဆိုချက်ထဲမှာ “ဒါတွေက ကျနော်တို့က အများပြည်သူနဲ့ အမြင်မတင့်တယ်တဲ့နေရာ။ ဒါတွေကို ဘတ်ဖိုးနဲ့ ကုတ်ပြီး ဖြိုရမှာ။ ဒါတွေက သမိုင်းဆိုးတွေ။နောက်လူတွေ လက်ဆင့်ကမ်းလို့ မရဘူး” လို့ ဆိုပြီး PDF ရဲ့ အုတ်ဂူတွေကို တက်နင်းပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
သပိတ်ကျင်းမြို့နယ်မှာ အခြေစိုက်တဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်တပ်လော်ဘီ ကျော်စိုးဦးရဲ့ လုပ်ရပ်ဟာ စစ်တပ်ထောက်ခံသူတွေရဲ့ လုပ်ရပ် အောက်တန်း ဘယ်လောက်ကျကြောင်း ပြသနေတာဖြစ်တယ်လို့ ပြောပါတယ်။
“ဒီလုပ်ရပ်ကတော့ မဖြစ်သင့်တဲ့ လုပ်ရပ်ပဲလေ။ အုတ်ဂူတွေကို တက်နင်းတယ်ဆိုကတည်းက သူတို့ရဲ့ စိတ်ဓာတ် ဘယ်လိုဆိုတာ ပေါ်လွင်နေပါတယ်။ ရန်သူပဲဖြစ်နေစေဦးတော့ ဒီအုတ်ဂူတွေက သူတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ကတော့ အမြတ်တန်ဖိုးထားပြီး အာဇာနည်လို့တောင် တင်စားထားရတဲ့သူတွေကို အခုလိုမျိုးလုပ်တော့ ရင်ထဲ အသဲထဲကကို မခံစားနိုင်ဘူးပေါ့ဗျာ”
ကျော်စိုးဦးဆိုသူဟာ သတင်းဌာနအမည်ခံပြီး စစ်ကောင်စီအတွက် ဝါဒဖြန့်ချိရေး လုပ်ဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလထဲမှာတော့ စစ်ကောင်စီလက်အောက် ပြန်ရောက်ခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။