သုတ၊ မတ်လ ၁၂ ရက်၊ နမ့်ခမ်း
တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့မှာ တရုတ်နိုင်ငံကနေ စက်သုံးဆီ ဝယ်ယူခွင့် ရနေပြီး ပန့်ဆီဆိုင်တွေ လိုက်နာရမယ့် စည်းကမ်းချက်ကို ထုတ်ပြန်ထားတယ်လို့ စက်သုံးဆီ အရောင်းအဝယ် လုပ်ကိုင်သူတွေဆီက သိရပါတယ်။
PSLF/TNLA ရဲ့ နမ့်ခမ်းမြို့နယ် လောင်စာဆီ ကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်ထဲ စက်သုံးဆီ ဈေး ကစားတာ၊ အဆင့်မမှီတဲ့ စက်သုံးဆီတွေကို ရောနှောရောင်းချတာ မပြုလုပ်ရကြောင်း သတ်မှတ်ထားပါတယ်။
ဒါ့အပြင် ကျေးရွာဘက် သုံးစွဲဖို့နဲ့ နမ့်ခမ်းမြို့နယ် ပြင်ပသို့ ဆီရောင်းချလိုပါက နမ့်ခမ်းမြို့နယ် လောင်လာဆီ ကြီးကြပ်ရေးကော်မတီရဲ့ ခွင့်ပြုချက် ယူရမှာဖြစ်ပြီး တစ်ဦးချင်း သုံးစွဲဖို့အတွက် စက်သုံးဆီကို အလုံးအရင်း ရောင်းချခွင့် မပြုဘူးလို့ ထုတ်ပြန်ချက်ထဲ ဆက်လက် ဖော်ပြထားပါတယ်။
ဆိုင်ကယ်တစ်စီးကို ၃ ဂါလံ၊ ကားတစ်စီးကို ၁၅ ဂါလံသာ ရောင်းချရမှာဖြစ်ကာ စက်သုံးဆီဆိုင်တွေအနေနဲ့ ဆီ ရှိထားပြီး မရောင်းချပေးရင် စက်သုံးဆီကို သိမ်းဆည်းသွားမယ်လို့ ဆိုပါတယ်။
ခွင့်ပြုချက် မရှိဘဲ တားမြစ်နယ်မြေဘက် သယ်ဆောင်တာနဲ့ ရောင်းချတာ တွေ့ရှိရင် စက်သုံးဆီတွေကို သိမ်းဆည်းပြီး ငွေဒဏ် ချမှတ်သွားမယ်လို့ ဖော်ပြထားပါတယ်။
စက်သုံးဆီတွေကို PSLF/TNLA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် နောင်တောင်း နယ်စပ်ကနေတဆင့် ဝယ်ယူပြီး နမ့်ခမ်းမြို့တွင်းရှိ စက်သုံးဆီဆိုင်အတွက် တစ်ပတ်ကို ဆီကား ၅ စီး ခွဲပေးထားတယ်လို့ ဆီကုန်သည်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“TNLA က ကော်မတီ ဖွဲ့ပြီးတော့ လုပ်ပေးတာ။ တရုတ်ဘက်ကဝယ်တဲ့ ဆီတွေကို မြို့ထဲ ပြန်ခွဲပေးတာ။ တစ်ပတ်ကို ဆီကား ၅ စီး၊ တစ်လဆိုရင် အစီး ၂၀ ရမှာပေါ့”
ဒီနေ့ မတ်လ ၁၂ ရက်အထိ နမ့်ခမ်းမှာ ဓာတ်ဆီ တစ်လီတာကို ၇,၅၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ နမ့်ခမ်းမြို့ခံတွေဆီက သိရပါတယ်။
ဒါ့အပြင် တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်နဲ့ ကွတ်ခိုင်မြို့မှာလည်း ဒီရက်ပိုင်းအတွင်း ဆီကားတွေ ဝင်ရောက်နေပြီး မြို့နယ်ပေါ် မူတည်ပြီး တစ်လီတာကို ၆ ထောင်ကနေ ၁ သောင်းကျပ်အထိ ဈေးရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တအာင်းတပ် ထိန်းချုပ်ဒေသမှာ စက်သုံးဆီ ပြတ်လပ်မှု မရှိအောင် ဘယ်လို ဆောင်ရွက်နေလဲဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
အီရန်နဲ့ အစ္စရေး၊ အမေရိကန်တို့ရဲ့ စစ်ပွဲကြောင့် ကမ္ဘာ့စက်သုံးဆီ သယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် မြန်မာအပါအဝင် နိုင်ငံအများစုမှာ စက်သုံးဆီကို အကန့်အသတ်နဲ့သာ ရောင်းချပေးနေရတာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။