မိုင်းရူပ၊ ဖေဖော်ဝါရီ ၆ ရက်၊ ဖရူဆို
စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲ လမ်းပိုင်းကို အသုံးမပြုဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF က ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ မနေ့ ဖေဖော်ဝါရီ ၅ ရက်ကစပြီး ဖရူဆို-ထားလဲ လမ်းမကြီးပေါ်နဲ့ နန်းဖဲရွာဘက် စစ်ရေး လှုပ်ရှားမှု ပြုလုပ်နေပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှု ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်ကစပြီး ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲ လမ်းပိုင်းကို အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီလို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
မြေပြင်အခြေအနေသိရှိသူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဖားဆောင်း၊ ဘောလခဲဘက်မှာ ထိတွေ့တိုက်ပွဲ နေ့တိုင်းလိုလို ရှိတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မော်ချီးဘက်ကို လေယာဉ်နဲ့ လာကြဲသေးတယ်။ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
ကရင်နီ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့အပါအဝင် ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းပိုင်းကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ အဆိုပါ လမ်းပိုင်းကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး စစ်တပ်ဟာ ကရင်နီပြည်နယ်အတွင်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသကို ထိုးစစ်ဆင်မှု ပြုလုပ်တာကြောင့် မိုးဗြဲနဲ့ ဒီးမော့ဆိုမြို့အပါအဝင် နေရာအချို့ကို တော်လှန်ရေးတပ်တွေက ပြန်လည် လက်လွှတ်ခဲ့ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။