ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၉ ရက်
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒေါ်ဖခို(သံတောင်)မြို့နယ်နဲ့ ကစယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဦးဇင်းတစ်ပါး ဒဏ်ရာရခဲ့တယ်လို့ KNU က မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် မနက် ၉ နာရီခွဲမှာ တောအူး(တောင်ငူ)ခရိုင်၊ ဒေါ်ဖခို(သံတောင်)မြို့နယ် ပရှောလော်ကဝေါ်ရှိ စစ်ကောင်စီရဲ့ ထို့ဘိုကြီးစစ်စခန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ၂ လုံးဟာ ဖိုးဝါးချောင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲတာကြောင့် ကလေးနှစ်ဦးမိခင် အသက် ၃၈ နှစ်အရွယ် နော်နီကမွီး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၉ နာရီမှာလည်း မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ဟိန္ဒားကျေးရွာထဲကို စစ်ကောင်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ရဟန်း ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး ဘုန်းကြီးကျောင်း အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နဲ့ ၄ ရက်မှာလည်း မုန်း(မူး)မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတာ၊ လေယာဥ်နဲ့ ဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က မနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
ဓာတ်ပုံ – KNU