အလင်း၊ ဇန်နဝါရီ ၂၀ ရက်၊ ဖလမ်း
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဆုမ်းရန်းရွာမှာ စစ်ကောင်စီတပ်မှ နေရာယူ တပ်စွဲထားတဲ့ စခန်းကုန်းနှစ်ခုကို ချင်းတော်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပြီး နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းက ရွှေဖီမြေကို ပြောပါတယ်။
အဲဒီစခန်းကုန်းနှစ်ခုကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၁၈ ရက်နေ့၊ မနက် ၉ နာရီကစလို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဒီနေ့ မနက် ၁၀ ဝန်းကျင်မှာ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီး စခန်းကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။
“ဝေဘူလက တက်လာတဲ့ စစ်ကြောင်းက ဆုမ်းရန်းရွာမှာ အခြေချနေရာယူထားပြီး အဲရွာကနေ ဖလမ်းမြို့ကို စစ်ကောင်စီက ထိုးဖို့ ပြင်ဆင်နေတာကြောင့် သွားတိုက်ခိုက်ခဲ့တာပါ။ ရွာကစခန်းကုန်းနှစ်ခုကို သိမ်းပိုက်ရရှိထားပါတယ်။” လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီ ဆုမ်းရန်းရွာတိုက်ပွဲမှာ ထိခိုက်သေဆုံးမှုများတဲ့ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးသီး ၃၀ ထက်မနည်း တိုက်ခိုက်ခဲ့တာကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရဲဘော်တချို့ ထိခိုက်ကျဆုံးမှုရှိတယ်လို့ သိရပါတယ်။
“ဂျက်ဖိုက်တာ၊ Y-12 နဲ့ တိုက်ပွဲဖြစ်တဲ့နေရာကို လေကြောင်း တိုက်ခိုက်မှု တောက်လျှောက်လုပ်တယ်။ ကိုယ့်ဘက်က ထိခိုက်မှုများမှာစိုးလို့ စခန်းကုန်းတွေ တိုက်ပြီး တပ်ပြန်ဆုတ်တယ်။ ရဲဘော်တချို့ ထိခိုက်ကျဆုံးမှု ရှိတယ်။”လို့ အထက်ပါ ရှေ့တန်းစစ်ရေးသတင်းရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီဆုမ်းရန်းရွာနဲ့ ဖလမ်းမြို့ကို စစ်ကောင်စီက မနေ့ ဇန်နဝါရီ ၁၉ ရက်နေ့ ည ၉ နာရီဝန်းကျင်ကလည်း ပေါင် ၅၀၀ ဗုံးသီးအပါအဝင် ဗုံးသီး ၄ လုံးထက်မနည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်သွားတယ်လို့ သိရပါတယ်။
ဖလမ်းမြို့ကို ပြန်ရဖို့ စစ်ကောင်စီတပ်က တီးတိန်မြို့နဲ့ ဝေဘူလမြို့က စစ်ကြောင်း နှစ်ကြောင်းနဲ့ ထိုးစစ်ဆင်တာဖြစ်ပြီး လက်ရှိ အဲဒီစစ်ကြောင်းဟာ ဖလမ်းမြို့အနီး ခွန်လီရွာနဲ့ ဆုမ်းရန်းရွာကို ရောက်ရှိနေယူထားတာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။