ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ထားဝယ်
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ နည်းပညာတက္ကသိုလ် (GTC) တပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ ကျော်သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက မနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက် မနက် ၆ နာရီမှာမောင်မယ်ရှောင်ကျေးရွာက GTC တပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်တွေကို တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ပြီး လက်နက်တချို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ Type 81 စက်လက်နက် (၁) လက်၊ G3 (၁၃) လက်၊ G4 (၂) လက်၊ Ak47 (၁) လက်၊ MA5 (၁) လက်၊ လက်ပစ်ဗုံး (၁၂ )လုံးနဲ့ ကျည်ဘောက်စတဲ့ စစ်သုံးပစ္စည်းလက်နက်တချို့တွေကိုပါ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ ဒူရက စစ်ကြောင်းနဲ့ DGRF (ထားဝယ် -ပကဖ)တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်မြင့်နေတဲ့ ကာလဖြစ်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ စစ်ရေးသတိထားပြီး သွားလာကြဖို့ အကြံပေး ထုတ်ပြန်ထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး DNLAကို ဆက်သွယ်ဖို့ကြိုးစားပေမယ့် ဆက်သွယ်မရသလို စစ်ကောင်စီဘက်ကလည်း ဒီသတင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်တာ မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။