မိုင်းရူပ၊ ဒီဇင်ဘာ ၃၁ ရက်
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ခဲ့တဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ် လမ်းပိုင်းကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်လိုက်ကြောင်း မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စဉ့်ကူးမြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဒီရက်ပိုင်းအတွင်း သပိတ်ကျင်း – စဥ့်ကူးလမ်းပိုင်း ပြန်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
“ဖော့တော့လမ်းဆုံကနေ အောက်ဘက်ခြမ်းအထိ စကစတွေ ပြန်ရသွားပြီ။ ချောင်းကြီး၊ လက်ပန်လှရွာတွေအထိ ပေးထားရတယ်” လို့ မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သပိတ်ကျင်းမြို့နယ် ဖော့တော့လမ်းဆုံကနေ မိုးကုတ်မြို့နယ်ဘက်ကို တက်တဲ့ လမ်းပိုင်းတွေကိုတော့ တော်လှန်ရေးတပ်တွေဘက်က ဆက်လက်ထိန်းချုပ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
သပိတ်ကျင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်ရှိ နေရာအားလုံးနီးပါး တော်လှန်ရေးတပ်တွေ တပ်ဆုတ်ထားရတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး မန္တလေး PDF နဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဥ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်မှာ စစ်ကောင်စီတပ်က စဥ့်ကူးမြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ခဲ့တဲ့ သပိတ်ကျင်း၊ စဥ့်ကူးနဲ့ မတ္တရာမြို့နယ်ထဲက နေရာတွေကို စစ်ကောင်စီထံ ဆက်တိုက်လက်လွှတ်နေရာတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။