မိုင်းရူပ၊ မတ်လ ၃ ရက်၊ သပိတ်ကျင်း
အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက တကောင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ဖို့ ဆက်လက် ထိုးစစ်ဆင်နေပြီး နေရာတချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
မနေ့ မတ်လ ၂ ရက်အထိ စစ်တပ်ဟာ သပိတ်ကျင်းနဲ့ တကောင်းမြို့ကြားရှိ မင်းကုန်းရွာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး PDF ရဲ့ အလောင်း ၁၁ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ တကောင်းမြို့ကို ပြန်လည်ရယူဖို့ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာအနီးရှိ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ကနေ ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုတွေလည်း ဆက်တိုက် လုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တကောင်းမှာ NUG ရဲ့ လက်အောက်ခံတပ်တွေဘဲ များတယ်။ ၁၃ တပ်ကနေပြီးတော့ ထိုးနေတာ။ ဆက်တိုက် ထိုးစစ်ဆင်နေတာ။ လေယာဉ်နဲ့လည်း လာကြဲနေတယ်”
တကောင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း NUG နဲ့ ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် တကောင်းမြို့ဟာ မန္တလေး-သပိတ်ကျင်း-ထီးချိုင့် လမ်းပိုင်းနဲ့ ကချင်ပြည်နယ် ဗန်းမော် လမ်းပိုင်းပေါ်မှာ တည်ရှိပြီး စစ်ရေးအရ အရေးပါတဲ့နေရာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ ထိုးစစ်ကြောင့် မန္တလေးတိုင်းအတွင်းရှိ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ တော်လှန်ရေးတပ်တွေဘက်က လက်လွှတ်ထားရပြီး မန္တလေးတိုင်းအတွင်းမှာ တကောင်းမြို့တစ်ခုတည်းသာ ထိန်းချုပ်နိုင်တော့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။