ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ကန့်ဘလူ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက စစ်ကောင်စီရဲ့ စစ်စခန်း ၄ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၉၀ ကျော်သေဆုံးခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကနေ ယခု ဖေဖော်ဝါရီ လဆန်းပိုင်းအထိ ကန့်ဘလူမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကိုးတောင်ဘို့(ပျူစောထီး)ရွာစခန်း၊ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ ပေကြီး(ပျူစောထီး)ရွာစခန်း၊ ငှက်ပျောတိုင်း(ပျူစောထီး)စခန်း၊ကျွန်းလှမြို့နယ်ရှိ အင်တိုင်း(ပျူစောထီး)ရွာစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ကောလင်းမြို့ကနေထွက်လာတဲ့ လှုပ်ရှားစစ်ကြောင်းကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အင်တိုင်းရွာရှိ ခြေမြန်တပ်ရင်း (ခမရ-၃၆၁) နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၈၅ ဦး၊ ပျူစောထီးအင်အား ၂၃ ဦးဝန်းကျင်ရှိတဲ့ ရွှေပေါ်ကုန်းစခန်းနဲ့ Power House စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်အထိ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဒုဗိုလ်မှူးကြီး အောင်မျိုးဦး ဦးစီးတဲ့ အင်းအား ၁၀၅ ဦးခန့်ရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းဖြစ်တဲ့ ပေကြီးရွာစခန်းနဲ့ ငှက်ပျောတိုင်းရွာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်ကနေ ၂၁ ရက်အထိ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုးတောင်ဘို့ရွာစခန်းရှိ ဗိုလ်ကြီး နောင်သူရ ဦးစီးတဲ့ ခြေလျင်တပ်ရင်း (ခလရ-၃၀၅) နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကနေ ၃၁ ရက်အထိ တိုက်ခိုက်နိုင်ခဲ့ပါတယ်။
အလားတူ ကောလင်းမြို့နယ်ကနေ သရက်ခုံရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ ၈ ရက်အထိ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၉၆ ဦး သေဆုံးခဲ့သလို ၃၈ ဦး ထိခိုက်ဒဏ်ရာခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် ၁ ဦးအပါအဝင် ၁၀၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်မျိုးစုံ ၁၈၇ လက်၊ ကျည်မျိုးစုံ ၂၄,၆၅၂ တောင့်၊ ဗုံးသီးမျိုးစုံ ၅၃၀ လုံး၊ စစ်သုံးပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ စခန်းသိမ်းတိုက်ပွဲတွေကိုတော့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ကိုင်းတိုင်း ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) စုစည်းစစ်ကြောင်း၊ AA(EAOs)၊ အထူးလှုပ်ရှားတပ်မ၊ ကန့်ဘလူခရိုင် ဒရုန်းအဖွဲ့၊ ကန့်ဘလူခရိုင် ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ကန့်ဘလူမြို့နယ်နဲ့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ကျွန်းလှမြို့နယ်နဲ့ တန့်ဆည်မြို့နယ် ပကဖ၊ ကန့်ဘလူခရိုင် အမှတ် (၁) စစ်ဒေသ ဒရုန်းတပ်ဖွဲ့နဲ့ ခရိုင်လက်နက်ကြီးတပ်ဖွဲ့ ၊ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။